ထိပ်တန်းအဆင့် ဂိုးသမားတစ်ဦးလိုအပ်နေတဲ့ လီဗာပူးလ်အသင်း
17 Jan 2018 1,515 Views
လီဗာပူးလ်အသင်းဟာ တိုက်စစ်ကောင်းမွန်တဲ့အသင်းဖြစ်ပေမယ့် ခံစစ်ပိုင်းကအားနည်းမှုတွေရှိနေပြီး ဂိုးသမားနဲ့နောက်ခံလူတွေအမှားမှတစ်ဆင့် ပေးဂိုးတွေပြန်လည်ခွင့်ပြုနေရတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းအနေနဲ့ ပေးဂိုးတွေလျော့နည်းနိုင်ဖို့အတွက် ထိပ်တန်းအဆင့်ရှိတဲ့ ဂိုးသမားတစ်ဦးလို အပ်နေပြီး လက်ရှိအသင်းရဲ့ဂိုးသမားတွေဖြစ်ကြတဲ့ မင်နိုလတ်နဲ့ ကရီးယက်စ်တို့ဟာ လက်စွမ်းတည်ငြိမ်မှုမရှိ ကြတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့တိုက်စစ်ဟာ လက်ရှိဥရောပရဲ့တိုက်စစ်အကောင်းဆုံးအသင်းတွေ ထဲမှာပါဝင်နေပေမယ့် ခံစစ်ပိုင်းကတော့ ထိပ်တန်းအဆင့်ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိတာဖြစ်ပါတယ်။ လီဗာပူးလ် အသင်းရဲ့တိုက်စစ်ဟာ ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးတိုက်စစ်ဖြစ်ပြီး (၆၇)ဂိုးသွင်းယူထားတဲ့အမှတ် ပေးဇယားထိပ်ဆုံးက မန်စီးတီးရဲ့နောက်သွင်းဂိုး(၅၄)ဂိုးနဲ့ ဒုတိယတိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည် နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသင်းရဲ့ခံစစ်ပိုင်းက အမှားအယွင်းများနေခဲ့ပြီး ပြိုင်ဘက်အသင်းတွေကို မလိုအပ်ပဲပေးဂိုးတွေ ခွင့်ပြုပေးနေရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃)ပွဲယှဉ် ပြိုင်ကစားထားရာမှာ ပေးဂိုး(၂၈)ဂိုးအထိခွင့်ပြုခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေထဲမှာ ပေးဂိုး (၃၀)ခွင့်ပြုထားခဲ့ရတဲ့ အာဆင်နယ်အသင်းနောက် ဒုတိယမြောက်ခံစစ်အဆိုးဝါးဆုံးအသင်းအဖြစ် ရပ်တည်နေ ပါတယ်။ လီဗာပူးလ်အသင်းပေးဂိုးများနေခြင်းရဲ့ အဓိကပြဿနာအဖြစ် နောက်တန်းကစားသမားတွေနဲ့ ဂိုး သမားတွေအမှားများနေခြင်းဖြစ်ပြီး အသင်းမှဦးဆောင်ဂိုးတွေသွင်းယူထားနိုင်တဲ့အချိန်မှာ ချေပဂိုးတွေပြန် လည်ခွင့်ပြုနေခဲ့ရတာဖြစ်ပါတယ်။ ဂိုးသမားတွေရဲ့စွမ်းဆောင်ရည်ဟာလည်းအဓိကကျနေတာဖြစ်ပြီး အသင်းရဲ့ ပွဲထွက်နေကြဂိုးသမား(၂)ဦးဖြစ်တဲ့ မင်ဂနိုလတ်နဲ့ကရီးယက်စ်တို့ရဲ့လက်စွမ်းဟာပုံမှန်သာရှိနေတာပြီး တည်ငြိမ် မှုနည်းပါးနေတာဖြစ်ပါတယ်။
အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးသမားတွေရဲ့စွမ်း ဆောင်ရည်ညံ့ဖျင်းမှုဟာ ထင်ရှားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်း နဲ့ပွဲစဉ်မှာ (၅)မိနစ်အတွင်း(၃)ဂိုးအထိခွင့်ပြုခဲ့ရသလို မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်(၂၃)မှာလည်း ပွဲပြီးခါနီး (၇)မိနစ်အတွင်း ချေပဂိုး(၂)ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းနဲ့ မန်စီးတီးအသင်းတွေ မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ၀ါရင့်ဂိုးသမားဟောင်းဂစ်ဗင်းကတော့ လီဗာပူးလ်အသင်းအနေနဲ့ သက်ဆိုင်ရာ အသင်းတွေမှာ လက်စွမ်းပြနေတဲ့ စတုတ်စီးတီးအသင်းဂိုးသမား ဘတ်လန်းနဲ့ အက်သလက်တီကိုမက်ဒရစ်အ သင်းဂိုးသမား အော့ဘလတ်တို့ထဲမှတစ်ဦးကို ခေါ်ယူအားဖြည့်သင့်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။ ယခုဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မှာ PSG အသင်းဂိုးသမားထရပ်၊ အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အော့ဘလက်နဲ့ ရိုးမားအသင်းမှဂိုးသမားအယ်လစ်ဆင်တို့ကို လီဗာပူးလ်အသင်းမှစိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်နေပြီး ဂိုးသမားအပြောင်းအရွှေ့ဖြစ်ပေါ်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရ မှာဖြစ်ပါတယ်။