အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩရိဿ ပြည်နယ်မှာ ဆင်ရိုင်းတွေနဲ့ ဆယ်ဖီပုံတွဲရိုက်ရာကနေ လူသေဆုံးမှုတချို့ရှိလာ
08 Jan 2018 1,332 Views
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩရိဿ ပြည်နယ်မှာ ဆင်ရိုင်းတွေနဲ့ ဆယ်ဖီပုံတွဲရိုက်ရာကနေ လူသေဆုံးမှုတချို့ရှိလာတာကြောင့် တာဝန်ရှိသူတွေအတွက် စိုးရိမ်စရာကိစ္စတစ်ရပ်ဖြစ်လာတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလတုန်းက ဂျေခရူနာ နေယက်ဟာ ရွာဈေးကိုလမ်းလျှောက်အသွားရွာထဲမှာ ဆင်တစ်ကောင်ကိုတွေ့ခဲ့ပြီး ဆင်ပတ်ပတ်လည်မှာ လူတွေဓာတ်ပုံ ရိုက်နေကြပြီး ဆင်ကိုစနောက်နေကြတာကိုတွေ့ရှိခဲ့ရပါတယ်။နေယက်ကလည်း လူအုပ်ထဲတိုးပြီး ဆင်နဲ့ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲသည်အချိန်မှာ ဆင်က သူ့နှာမောင်းနဲ့ပတ်ကာနေယက်ကို နင်း သတ်လိုက်ပါတယ်။
သူ့ဘေးနားမှာ လူအများကြီးဝိုင်းကြည့်နေပေမဲ့ တစ်ယောက်မှမကယ်နိုင်ခဲ့ဘူးလို့ သားဖြစ်သူ ဒိပက်နေယက်က ပြောပြပါတယ်။ အခြားသူတွေက လွတ်အောင်ပြေးနိုင်ပေမဲ့ အဖေကတော့မလွတ်ခဲ့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။စက်တင်ဘာလကလည်း ဆင်နဲ့ကပ်ပြီးဓာတ်ပုံရိုက်ဖို့ ကြိုးစားတဲ့ ယင်းပြည်နယ်သားလုံခြုံရေးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ အက်ဟော့ဘာရက်တီဟာ လည်း သည်လိုအဖြစ်မျိုးနဲ့ သေဆုံးခဲ့ပါတယ်။ကြည့်ရှုသူတစ်ယောက်ရဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုအရ ဘာရက်တီဟာ ဓာတ်ပုံရိုက်ဖို့ ဆင်နားကိုတဖြည်းဖြည်းနီး အောင်ကပ်သွားချိန်မှာဆင်က ရုတ်တရက်ကြီး သူ့ကိုလှမ်းဆွဲလိုက်တာတွေ့ရပါတယ်။ဘာရက်တီဟာ ထွက်ပြေးဖို့ကြိုးစားပေမဲ့ ဆင်အဝှေ့ခံရပြီး နင်းခြေခံခဲ့ရကြောင်း၊ ဆေးရုံကို အပူတပြင်းပို့ပေမဲ့ အသက်မမီဘဲ လမ်းမှာအသက်ထွက်သွား ကြောင်း၊ သူ့ကိုရိုက်ထားတဲ့ ဗီဒီယိုဟာလည်း ပျံ့နှံ့သွားကြောင်း ရေးသားထားပါတယ်။အခြားဆယ်ဖီရိုက်တဲ့သူတွေအသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပါတယ်။
ဓာတ်ပုံတွဲရိုက်တာကြောင့်ဆင်အဝှေ့ခံလိုက်ရတဲ့ အင်ဂျင်နီယာကျောင်းသား အင်ဟစ်ဆစ်နေယက်ဟာ ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရပါတယ်။ခြောက်လကြာပြီး နောက်ပိုင်းမှာလည်း လည်ပင်းနဲ့ အစာအိမ်မှာ အပြင်အထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။သည်ဒေသမှာ လူအများအပြားဆင်တိုက်ခိုက်တာခံရပေမဲ့ စာရင်းမှတ်တမ်းဝင်တာသိပ်မရှိဘူးလို့ တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်ပညာရှင်ဘစ်ဝတ်ဂျစ်မို ဟတ်တီက ပြောပါတယ်။သည်ကိစ္စနဲ့ပတ်သက်ပြီး ဩရိဿအစိုးရက စတင်ကိုင်တွယ်ဖို့ကြိုးစားနေပါတယ်။ ပြည်နယ်အဆင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးခေါင်းဆောင်ဆန်ဒိထရစ်ပက်သီက လူတွေကိုစုပြီးတော့ ဆင်ရိုင်းအန္တရာယ်ကို ပညာပေးကမ်ပိန်းတွေပြုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။
ပြည်နယ်အစိုးရရဲ့ စစ်တမ်းအရ ဩရိဿမှာဆင်ကြောင့် လူ ၆၀ သေဆုံးခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်ဖီရိုက်လို့ လူဘယ်လောက်သေဆုံးခဲ့ရလဲဆိုတာအတိအကျမသိရပေမဲ့ တိရစ္ဆာန်တွေနဲ့ အရူးအမူးဓာတ်ပုံတွဲရိုက်ချင်တဲ့သူတွေကြောင့် သေဆုံးမှုအရေအတွက်မြင့်တက်လာမှာကိုအရာရှိ တွေက စိုးရိမ်နေပါတယ်။ဆင်တွေအများကြီး တောကနေထွက်လာတဲ့အခါမှာ လူတွေကစိတ်လှုပ်ရှားပြီး ဓာတ်ပုံတွေတွဲရိုက်ကြတယ်။ အဓိကက ကင်မရာမီးအလင်းရောင်က တိရစ္ဆာန်ကို ဒေါသထွက်စေပြီး လူတွေကိုရန်မူတာလို့ သစ်တောအရာရှိ ဘီအင်မစ်ရာက ပြောပါတယ်။အခြားသစ်တောအရာရှိ ရတ်နက်ကာဒစ်ကလူတွေက ဆင်တွေကိုကြံနဲ့မြှားခေါ်ပြီး ဆယ်ဖီတွေရိုက်၊ ရန်တွေစနဲ့လုပ်ကြတယ်လို့ ပြောကြားပါတယ်။ကန်နာဂီမယ်လွန်တက္ကသိုလ်နဲ့ ဒေလီအင်ဒရာပရက်သာသတင်းအချက် အလက်တက္ကသိုလ်ရဲ့ သုတေသနစစ်တမ်းအရ သည်နှစ်ပိုင်းအတွင်းမှာ အိန္ဒိယ နိုင်ငံဟာ အခြားနိုင်ငံတွေထက် ဆယ်ဖီဓာတ်ပုံရိုက်ကူးတဲ့အတွက်သေဆုံးရသူဦးရေပိုများကြောင်းတွေ့ရပါတယ်။ဒါပေမဲ့ အန္တရာယ်ကြီးတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ ဆယ်ဖီရိုက်တာကို မတားမြစ်နိုင်သေးပါဘူး။
စပိန်မှာ နွားရိုင်းတစ်ကောင်နဲ့ ဆယ်ဖီရိုက်ပြီး လူတစ်ယောက်သေဆုံးခဲ့သလိုပြောင်နဲ့ ဆယ်ဖီတွဲရိုက်ခဲ့သူ ငါးယောက်သေဆုံးခဲ့ရပြီးနောက်ပိုင်း ၂၀၁၅ ခု နှစ်ကစပြီး အမေရိကန်နိုင်ငံရှိ ရဲလိုးစတုန်းပြည်သူ့ပန်းခြံမှာ ဆယ်ဖီရိုက်တာကိုသတိပေးတားမြစ်ခဲ့ပါတယ်။၂၀၁၆ ခုနှစ်ကလည်း တရုတ်နိုင်ငံတောရိုင်းတိရစ္ဆာန်ဥယာဉ်မှာဖျံတစ်ကောင်နဲ့ ဆယ်ဖီတွဲရိုက်ခဲ့သူကို ဖျံကရေထဲဆွဲခဲ့ပြီး သူ့ကိုကယ်ဆယ်သူ တိရစ္ဆာန် ဥယျာဉ်ဝန်ထမ်းပါသေဆုံးခဲ့ရပါတယ်။ ယူကျူ့မှာတင်ထားတဲ့ အန္တရာယ်အများဆုံးဆယ်ဖီပုံ ၂၅ ပုံကို ကြည့်ရှုသူသန်းလေးဆယ်ကျော်ရှိပြီဖြစ်ပါတယ်။
Credit ..... kumudranews