ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပွဲတော်ရက်အကြာဆုံးဖြစ်သည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အာနန္ဒာဘုရား ဗုဒ္ဓပူဇနိယပွဲတော်
27 Dec 2017 1,512 Views
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပွဲတော်ရက်အကြာဆုံးဖြစ်သည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အာနန္ဒာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာ ၂၆ ရက် ပြာသိုလဆန်း ၉ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နှစ်စဉ် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာမပျက် ဘုရားပွဲတော်များ ကျင်းပလျက်ရှိရာ ပြာသိုပွဲခေါ် အာနန္ဒာဘုရားပွဲတော်သည် ပွဲတော်ရက် အရှည်ကြာဆုံးနှင့် အစည်ကားဆုံးပွဲတော်ဖြစ်သည်။“ဒေသတွင်းတောင်သူတွေ လုပ်ငန်းသိမ်းချိန်လေ။ ပွဲတော်နောက်ပိုင်းရက်ကျလေ ဈေးသည်တွေရောင်းရလေပဲ။
နောက်ဆွဲလို့ခေါ်တာပေါ့။ ဒီနှစ်မြန်မာ့ရိုးရာ ရုပ်သေးပွဲလည်း ပါတယ်။ ဇာတ်ပွဲကလည်း နားရက်မရှိ။ ပွဲတော်က စည်ဦးမှာပဲ” ဟု ဈေးဆိုင်ခန်းများ နေရာချထားရေး အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှလာသော နယ်လှည့်ဈေးသည်များ၏ ဆိုင်ခန်းပေါင်း ၁၈၀၀ ၀န်းကျင် ခင်းကျင်းရောင်းချလျက်ရှိကြောင်း သိရသည်။ ပွဲတော်ရက်မတိုင်မီ အနီးအနားကျေးရွာများမှ ပေါင်းမိုးတပ်လှည်းများဖြင့် မိသားစုအလိုက် လာရောက်ကြပြီး အာနန္ဒာဘုရားခြေတော်ရင်း ၀န်းကျင်တစ်ဝိုက် နေထိုင်ချက်ပြုတ် စားသောက်ကာ ပြာသိုလပြည့်နေ့နံနက် သပိတ်လုံးလှူဒါန်းပြီးမှ ကျေးရွာများသို့ ပြန်ကြသည်မှာ ရှေးအစဉ်အလာဖြစ်သည်။
“ပေါင်းမိုးတပ်လှည်းတွေနဲ့ ရှေးကလို လာကြတုန်းပဲ။ ဒါပေမဲ့ အရင်တုန်းကလောက်တော့ မများတော့ဘူး။ ထော်လာဂျီတွေ ဆိုင်ကယ်တွေ ပေါလာတော့ လှည်းနဲ့လာတာ လျော့သွားတယ်” ဟု အာနန္ဒာဘုရားအနီး တောင်ဘီရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။အာနန္ဒာဘုရားသည် ပုဂံခေတ်ကျန်စစ်သားမင်း တည်ထားကောင်းမှုပြုခဲ့သော ဘုရားတစ်ဆူဖြစ်ပြီး အနုပညာလက်ရာ အများဆုံးဘုရားတစ်ဆူအဖြစ် ထင်ရှားပြီး ယခုအခါ ရှေးဟောင်းသုတေသနနှင့် အိန္ဒိယမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် နံရံဆေးရေးပန်းချီများ ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။
Credit .... news-eleven ကိုနော်
Photo ... news-eleven