သုံးနှစ်အရွယ်တူမအရင်းအား ရက်စက်စွာနှိပ်စက်သူ အဒေါ်အား ပြစ်ဒဏ်ချမှတ်
27 Dec 2017 1,641 Views
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တရားရုံး၌ ဒီဇင်ဘာ(၂၆) ရက်နေ့က ၃ နှစ် အရွယ်ရှိ တူမအရင်းအပေါ် ညှင်းပန်းနှိပ်စက်သော အဒေါ်အရင်းဖြစ်သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့၊ မြကန်သာအနောက်ပိုင်းရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သူ မခိုင်မာ (၃၂) နှစ် လင်းမယားနှင့် အတူမအရင်းဖြစ်သူ မယွန်းဝတီ (၃) နှစ် (မိဘများမှာခေတ္တထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်) အတူနေထိုင်ခဲ့ကြသည်။
အဒေါ်အရင်းဖြစ်သူ မခိုင်မာ က နေ့စဉ်ရက်ဆက်လိုလို မယွန်းဝတီအား အရွယ်နှင့်မမျှ အခန်းတံခါးပိတ် ရိုက်နှက်နှိပ်စက်ခဲ့ရာ ဝမ်းဗိုက်၊ တင်ပါး၊ ကျော၊ လက် နေရာများတွင်
ညိုမဲဖုရောင်အရိုးရာ ဒဏ်ရာများနှင့် ညာဘက်လက်ဖျံအရိုးရောင် ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် သြဂုတ်လ (၁၄)ရက်နေ့က ခင်ဦးပြည်သူ့ ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုမှတစ်ဆင့် ရွှေဘိုကလေးအထူးကုဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ကုသလျှက်ရှိကြောင်း လူမှုကွန်ယက်ပေါ်တွင် “Chit San” အကောင့်ပိုင်ရှင်က ဖော်ပြထားခဲ့ရာ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေမှုကြောင့် သြဂုတ် ၁၆ ရက်နေ့က တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သူဇာအောင်က တရားလိုပြုလုပ် တိုင်တန်းရာ မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ်- ၄၃၀/၂၀၁၇၊ ကလေးသူငယ် ဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် အဆိုပါ အဒေါ်အရင်းဖြစ်သူ မခိုင်မာ ၃၂ နှစ်အား တရားစွဲဆို
အရေးယူဆောင်ရွက်ထားခဲ့သည်။
၎င်းအမှုနှင့်ပါတ်သက်၍ ၃ နှစ်အရွယ်ရှိ တူမအရင်းဖြစ်သူ မယွန်းဝတီအပေါ်ညှင်းပန်းနှိပ်စက်ခဲ့သော အဒေါ်အရင်းဖြစ်သူ ခိုင်မာ ၃၂ နှစ် အား ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့က မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။