ကြက်သွန်နီအသစ်တွေ ပေါ်လာပေမယ့် ကြက်သွန်နီ အဟောင်းတွေ တက်ဈေးအတိုင်းရှိနေဆဲဖြစ်
20 Dec 2017 1,597 Views
ဈေးကွက်မှာ ကြက်သွန်နီအသစ်တွေပေါ်လာပေမယ့် ကြက်သွန်နီအဟောင်းတွေမှာဈေး ကျမသွားဘဲတက်ဈေးအတိုင်းရှိနေဆဲဖြစ်တာကြောင့် ၀ယ်ယူသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။လက်ရှိမှာ ကြက်သွန်နီအသစ်တွေ ပေါ်လာပေမယ့် အဲ့ဒီအသစ်တွေဟာမွှန်တာနဲ့ အထားမခံတာတွေကြောင့် အိမ်ရှင်မတွေအနေနဲ့ ကြက်သွန်အဟောင်းတွေကိုသာ ၀ယ်ယူနေ ကြတယ်လို့ သိရပါတယ်။ ကြက်သွန်အသစ်နဲ့ အဟောင်းဟာ တစ်ပိသာကို ကျပ်(၅၀၀)၀န်းကျင် ဈေးကွာခြားမှုရှိနေပြီး လက်ရှိမှာ အသစ်ထွက်ရှိတဲ့ မြစ်သားကြက်သွန်တစ်ပိသာကို (၃၀၀၀)ကျပ် ၀န်းကျင်နဲ့ ၀ယ်ယူနေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
ဒီလိုကြက်သွန်ဈေးတွေဟာ မြင့်နေတာကြောင့် အရင်က တစ်ပိသာဝယ်ရင် အခုတော့(၅၀)ကျပ်သားသာ ၀ယ်ပြီး ချွေတာ သုံးနေရတယ်လို့ ပြောပါတယ်။ ကြက်သွန်အဟောင်းတွေဟာ ဈေးကွက်မှာ နည်းလာတာကြောင့် ကြက်သွန်အဟောင်း ဈေးဟာကျမသွားဘဲ ဈေးတန့် နေဆဲလို့သိရပါတယ်။ ယခုတစ်ပတ်အတွင်း လက်လီရောင်းချတဲ့ ဈေးတွေမှာ ကြက်သွန်နီ အဟောင်းအလုံးကြီး တစ်ပိသာကို (၃၅၀၀)ကျပ်၊ အလုံးအလတ်အဟောင်း (၁)ပိသာကို (၃၂၀၀)ကျပ်၊ အလုံးအသေးအဟောင်း တစ်ပိသာကို (၃၀၀၀)ကျပ်နဲ့ ရောင်းချနေ တယ်လို့ အင်းစိန်ဈေးရှိ လက်လီရောင်းဆိုင်များမှ သိရပါတယ်။ ဒါဟာ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ၀ယ်ရတဲ့ဈေးတက်တာကြောင့် ဒီလိုဈေးမြှင့်ပြီးလိုက် ရောင်းရတာ ဖြစ်တယ်လို့ သိရပါတယ်။အခုလိုကြက်သွန်နီဈေးတွေ တက်နေဆဲဖြစ်ပေမယ့် ကြက်သွန်ဖြူဈေးကတော့ ကျလာပြီ ဖြစ်တယ်လို့ သိရပါတယ်။