နောက်ဆုံး(၅) နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်
08 Dec 2017 1,482 Views

စပိန်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံး (၅) နှစ်အတွင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်မှထွက်ခွာခဲ့ ရတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု(C) မှာ ရိုးမားအသင်း၊ချယ်ဆီးအသင်း၊ကွာရာဘတ် အသင်းတို့နဲ့ အုပ်စုတစ်ခုထဲကျရောက်ခဲ့ပြီး၊အုပ်စုတတိယနေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့် ရှုံးထွက် အဆင့်ကိုတက်ရောက်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၆) ပွဲမှာ နိုင်ပွဲ (၁) ပွဲသာ ရရှိခဲ့ပြီး (၄) ပွဲသရေ (၁) ပွဲရှုံးရလဒ်နဲ့ ရမှတ် (၇) မှတ်သာရယူနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနေရာမှချယ်ဆီးအသင်းနဲ့ ရမှတ်(၄) မှတ်အထိကွာဟပြီး အုပ်စုအဆင့်မှထွက်ခဲ့ရတာဖြစ်ပါတယ်။
ယခုနှစ်ဘောလုံးရာသီမတိုင်ခင် ချန်ပီယံ လိဂ်ပြိုင်ပွဲရှုံးထွက်အဆင့်ကို (၄) နှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် အသင်း အတွက် ယခုလိုအုပ်စုအဆင့်မှထွက်ခွာခဲ့ရတာဟာ ဘောလုံးရာသီနောက်ဆုံး (၅) ရာသီအတွင်း ပထမဆုံး အကြိမ်လည်းဖြစ်ပါတယ်။အက်သလက်တီကိုမက်ဒရစ်အသင်းဟာ နောက်ဆုံး (၅) နှစ် အတွင်းမှာ ချန်ပီယံ လိဂ်ဗိုလ်လုပွဲကို (၂) ကြိမ်တက်ရောက်နိုင်ခဲ့ပြီး၊ဆီမီးဖိုင်နယ်တစ်ကြိမ်၊ ကွာတားဖိုင်နယ်တစ်ကြိမ် တက်ရောက် ထားနိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ နောက်ဆုံး (၄) နှစ်မှာ ဗိုလ်လုပွဲ (၂) ကြိမ်အထိတက်ရောက်နိုင်ခဲ့ပေမဲ့လည်းလာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့တွေ့ဆုံတိုင်း ပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့မှတ်တမ်းဆိုးတွေကိုလည်း ပိုင်ဆိုင်ထားခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲ မှထွက်ခွာခဲ့ရပေမဲ့လည်း အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လာလီဂါမှာတော့ ရလဒ်ပိုင်း ကောင်းမွန် နေပြီး အမှတ်ပေးဇယားအဆင့် (၃) နေရာမှာရပ်တည်နေပါတယ်။ဒါ့အပြင် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ (၁၈) ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၁၁) ပွဲနိုင် (၇) ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။