ပြောင်းလဲလာမည့် ယာဉ်စည်းကမ်း ဥပဒေသစ်အတွက် အွန်လိုင်းပေါ်တွင် ဝေဖန်မှုပြင်းထန်နေ
29 Nov 2017 2,960 Views
လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် မော်တော်ယာဉ်နဲ့ ပက်သက်သော သတင်းများ၊ အခြေနေများကို အမြဲမပြတ် ရေးသားနေပြီး ဖော်လိုဝါ ၅ သိန်းကျော်ရှိထားသော “ကိုအရည်ကြို” ၏ စာမျက်နှာထက်တွင် ပြန်လည်မျှဝေထားသော မော်တော်ယာဉ် လမ်းစည်းကမ်းနဲ့ပက်သက်ပြီး ရှေ့လကာ စတင်ကာ အရေးယူမည့် ပုံစံသစ်ကြောင့် ဝင်ရောက်ရေးသား ဝေဖန်မှုများ များပြားလျှက်ရှိသည်။
မူရင်းအတိုင်း ပြန်လည်ဖော်ပြအပ်ပါသည်။
မိတ်ဆွေများ ရှေ့လတစ်ရက်နေ့ကစလို့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများမချိုးဖောက်မိအောင်သတိပြုကြပါ။
ယာဉ်ထိန်းရဲဖမ်းတာလဲ မခံကြရပါစေနဲ့ဗျာ။
အရင်တုန်းက လိုင်စင်သိမ်း ၊ သုံးရက်ခွာချိန်း၊ ကိုယ်အားတဲ့နေ့ ယာဉ်ထိန်းရုံးသွား ၊ စာရွက်လေးပြ ၊ တရားရုံးသွားဒဏ်ငွေဆောင် ၊ လိုင်စင်ယူပြီးပြန်ရုံပါပဲ။
ဒါတောင်လူများတဲ့အခါ တန်းစီစောင့်ရင်း တစ်နေကုန်တတ်ပါတယ်။
ရှေ့လကစပြီး အဖမ်းခံရပြီဆိုတာနဲ့ လူရော ၊ ယာဉ်ရော ရဲစခန်းကိုတပါတည်းဖမ်းခေါ်သွားပါလိမ့်မယ်။
နီးစပ်ရာရဲစခန်းမှာ စခန်းမှူးက အမှုဖွင့်ပြီး ယာဉ်နဲ့ လူကိုခေတ္တထိန်းသိမ်းထားကာ လိုအပ်သမျှစစ်မေးပါလိမ့်မယ်။
ရုံးဖွင့်ရက်လဲဖြစ်မယ် ၊ ရုံးချိန်အတွင်းလဲ ဖြစ်မယ်ဆိုရင် သက်ဆိုင်ရာတရားရုံးကို တရားစွဲတင်ပို့ပါလိမ့်မယ်။
အကယ်၍ကံမကောင်းစွာနဲ့ ရုံးချိန်မမီ ၊ ရုံးပိတ်ရက်ဖြစ်နေတာတို့နဲ့ကြုံနေရင်တော့ အာမခံလျှောက်ပြီး စောင့်နေပေတော့။
နယ်ကလူတွေများ မြို့ပေါ်လာအဖမ်းခံရလို့ကတော့ မလွယ်ကြောပဲ။
သက်သေခံပစ္စည်းအနေနဲ့ ယာဉ်ကသိမ်းထားမှာ ၊ လူကိုလဲ အပြင်မှာသွားစရာရှိတာသွားလို့ရအောင် အာမခံလေးနဲ့လုပ်ရအုံးမှာ ၊ တရားရုံးတော်ဖွင့်တဲ့အထိ ဒုက္ခခံစောင့်ပေရော့ပဲ။
ဘုရားဖူးလာတဲ့ကားတို့ ၊ ပုပ်သိုးလွယ်တဲ့ကုန်ပစ္စည်းတွေတင်လာတဲ့ကားတို့ဆိုရင် ဒုက္ခပိုကြီးသွားပြီ။
ရဲစခန်းက ရဲတွေခမျာလည်း သူတို့ပုံမှန်အလုပ်တွေနဲ့တင် လူအင်အားမလောက်တာ ဒီလိုကိစ္စမျိုးတွေတိုးလာရင် ဘယ့်နှယ့်လုပ်ပြီး ဆောင်ရွက်ကြရမယ်မသိ။
သေချာတာကတော့ ဖမ်းတဲ့သူတွေရော ၊ အဖမ်းခံကြရသူတွေပါ အဆင်မပြေကြပဲအထစ်အငေါ့တွေကြုံကြရမယ့်ကိစ္စတစ်ခုကို မော်တော်ယာဉ်ဥပဒေပြင်ဆင်လို့မပြီးခင်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ပြဋ္ဌာန်းလိုက်ပြီဆိုတာပါပဲ။
ဒါကြောင့် ရှေ့လ ၁ ရက်နေ့ကနေစပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ မချိုးဖောက်မိကြအောင်ဂရုစိုက်ကြပါ။
ယာဉ်ထိန်းရဲဖမ်းတာမခံကြရပါစေနဲ့။
Credit, Ye Lwin Tun