BEC-TERO TV

ရန်ကုန်မြို့မှာ အငှားယာဉ်များကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတော့မည်

23 Nov 2017     1,338 Views


ရန်ကုန်မြို့မှာ အငှားယာဉ်တွေကို စည်းကမ်းနဲ့စနစ်တကျပြေးဆွဲစေဖို့ အငှားယာဉ်များ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့အပါအ၀င် နိုင်ငံအတွင်းမှာခရီးသွားတွေ အဓိက၀င်ထွက်သွားလာရာ နေရာတွေဖြစ်တဲ့ မင်္ဂလာဒုံလေဆိပ်၊အောင်မင်္ဂလာနဲ့ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတွေမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေနဲ့ သူတို့ရဲ့ခရီးသည်ရှာတဲ့ လူခေါ်ပွဲစားတွေဟာ ခရီးသည်တွေကို အလုအယက်ဆွဲခေါ်တာ၊တစ်စီးထဲကို (၂)ဦး(၃)ဦးစုပြုံတင်ဆောင်တာတွေနဲ့ ပုံမှန်ထက် ဈေးပိုတောင်း တာတွေကြောင့် ခရီးသွားတွေအတွက် အနှောက်အယှက်ဖြစ်နေရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမတ် ဦးနေဘုန်းလတ်ကပြောပါတယ်။ဒါ့ကြောင့် အငှားယာဉ်တွေစနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊မရှိကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ တာပါ။
 
အငှားယာဉ်တွေနဲ့လူခေါ်ပွဲစားတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်က စည်ပင်အခွန်ဌာနမှူးကဦးစီးပြီး လုံခြုံရေးနှင့်စည်ကမ်းထိန်းသိမ်းရေး ကိစ်္စတွေဆောင်ရွက်ဖို့ အဝေပြေးယာဉ်ရပ်နားစခန်းကြီးကြပ်မှုကော်မတီဖွဲ့စည်းထားရှိပြီး လုပ်ဆောင် နေပေမယ့် အထိုက်အလျောက်သာစည်းကမ်းကြပ်မတ်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။ဒါ့ကြောင့် အငှားယာဉ်တွေကိုစနစ်တကျကွပ်ကဲနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေနဲ့ အငှားယာဉ်များကြီးကြပ်မှုကော်မတီကို သီးခြားဖွဲ့စည်းပြီး အဝေးပြေးယာဉ်များအသင်း၊အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတို့နဲ့ ပူးပေါင်း ကာ ပိုမိုထိရောက်တဲ့အစီအစဉ်တွေကို ဆောင်ရွက်ဖို့စီစဉ်ဆောင်ရွက်နေပြီလို့လဲ ၀န်ကြီးက ပြောကြားပါတယ်။
 
လက်ရှိမှာလဲ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှာ တက္ကစီယာဉ်ငယ် အသင်းကစနစ်တကျပြေးဆွဲနေပြီး အခြားပြင်ပက ၀င်ရောက်လာတဲ့တက်္ကစီတွေ စည်ကမ်းပျက်ကွက် မှုမရှိစေရေးအတွက် စည်ပင်ရဲ့ကြီးကြပ်မှုနဲ့စည်းကမ်းကြပ်မတ်ဖို့၊ဖမ်းဆီးအရေးယူဖို့အတွက် တာဝန်ပေးထားပြီးဖြစ်တယ်လို့ဝန်ကြီးကဆိုပါတယ်။ဒီအတွက် စည်ပင်ရဲ၊နယ်မြေရဲ၊ စခန်းလုံခြုံရေး တာဝန်ခံ၊လုံခြုံရေးရဲတပ်ဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ ရှင်းလင်းတာ၊အသိပေးတာ၊ပညာပေးတာတွေကို လုပ်ဆောင်နေပြီး လိုက်နာမှုမရှိတဲ့ အငှားယာဉ်တွေနဲ့သူတို့ရဲ့လူခေါ်ပွဲစားတွေကို စခန်းကြီးကြပ်ရေး ကော်မတီရဲ့ စီမံခန့်ခွဲမှုနဲ့ဒဏ်ကြေးရိုက်ပြီး ဒဏ်ကြေးမဆောင်နိုင်သူတွေကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းကို ပို့ဆောင်ပြီး ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့လဲ ၀န်ကြီးကပြောကြားပါတယ်။
 

23 Nov 2017     1,338 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS