BEC-TERO TV

ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်နိုင်ငံ၊ဖူခူအိုကာမြို့မှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်လေ့လာ

06 Nov 2017     1,322 Views


ရန်ကုန်မြို့တော်နဲ့ ညီအမမြို့တော်အဖြစ် ၂၀၁၆ခုနှစ်၊ဒီဇင်ဘာတည်းက MOUရေးထိုးထား တဲ့ ဂျပန်နိုင်ငံ၊ဖူခူအိုကာမြို့မှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၅၀ ကျော်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အောက်တိုဘာလ ၃၁ ရက်က UMFCCI မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ 
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ သင့်တော်တဲ့လုပ်ငန်းတွေ လက်တွေ့သိရဖို့ ဂျပန်နိုင်ငံ၊ ဖူခူအိုကာမြို့က စီးပွားရေးလုပ်ငန်းရှင်တွေက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ပြည်တွင်းလုပ်ငန်းရှင်အများစုကတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုလိုအပ်နေတဲ့ စိုက်ပျိုးရေးကဏ္ဍ၊တန်ဖိုးမြှင့်သားငါးထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့အသေးစား၊အလတ်စား စက်မှုလုပ်ငန်း တွေမှာ ဂျပန်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းသွားမယ်လို့ UMFCCI ရဲ့ ဥက်္ကဋ္ဌက ပြောပါတယ်။
ရန်ကုန်မြို့နဲ့ဖူခူအိုကာမြို့တော်နှစ်ခုအကြား ယဉ်ကျေးမှုဖလှယ်တာတွေအပြင် စီးပွားရေးလုပ်ငန်းတွေမှာပါ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဖူခူအိုကာမြို့တော်ဝန်က စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ ကို မြန်မာက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံနိုင်ရန် ပထမအကြိမ် ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ဒီလို ရင်းနှီးမြှုပ်နှံမှုအပိုင်းအတွက်ဆွေးနွေးတာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာလည်း ထပ်မံပြုလုပ်သွားမယ်လို့သိရပါတယ်။
ဒီလို ညီအမမြို့တော်အဖြစ် သတ်မှတ်ပြီးကတည်းက နိုင်ငံရေးအရ ဆက်သွယ် ဆောင်ရွက်တာတွေပဲလုပ်နေဖို့ မဟုတ်ပါဘူး။ စီးပွားရေးအပိုင်းမှာလည်း ဆောင်ရွက်ဖို့ လုပ်နေပါတယ်။
ဒါကြောင့် ဖူခူအိုကာက စီးပွားရေးလုပ်ငန်းရှင်တွေကို ရန်ကုန်မြို့ဆီ ခေါ်လာတယ်။ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့တွေ့ဆုံဆွေးနွေးပြီး ဘယ်လုပ်ငန်းတွေမှာ ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲဆိုတာ လက်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုထားတဲ့ နိုင်ငံ ၄၉ နိုင်ငံမှာ ဂျပန်နိုင်ငံက နံပါတ် ၁၁ နေရာမှာရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ အထိစာရင်းအရသိရပါတယ်။လက်ရှိ ပြည်တွင်းမှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင် ၂၀၀၀ ကျော်နဲ့ ကုမ္ပဏီပေါင်း ၃၆၀ ကျော် လာရောက်လုပ်ကိုင်နေပြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀ကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။
 

06 Nov 2017     1,322 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS