ဂျပန်တွင် ဒရုန်းလေယာဉ်သုံးပစ္စည်းပို့ခြင်းစတင်
06 Nov 2017 1,366 Views
ဖူကူရှီးမားနျူကလီးယားကပ်ဆိုးကြောင့် ဈေးဆိုင်ဖွင့်တာနည်းပါးတဲ့ ဂျပန်မြို့တစ်မြို့မှာ နေထိုင်တဲ့မြို့ခံတွေဆီကို ဒရုန်းလေယာဉ်ငယ်တွေသုံးပြီး အစားအစာပို့တဲ့ဆောင်မှုတစ်ခု ဂျပန်နိုင်ငံမှာ စတင်ပြီဖြစ်ပါတယ်။မင်နာမီဆိုမာမြို့ထဲက အိုဒါခါခရိုင်မှာ စတင်တဲ့ဝန်ဆောင်မှုကို လောဆန်းနဲ့ နည်းပညာကုမ္ပဏီ(ရာခုတန်)တို့က အင်္ဂါနေ့မှာ စတင်လိုက်တာပါ။နျူကလီးယား ယိုဖိတ်မှုတွေ ကြောင့် နေရပ်စွန့်ခွါခိုင်းခဲ့တဲ့မြို့ခံတွေကို ပြီးခဲ့တဲ့နှစ်မှာ နေရပ်မှာ ပြန်လည်နေထိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံတွေဟာ ဈေးဆိုင်နည်းပါးမှုရှိနေတဲ့အခြေအနေကို ပြောဆိုမှုတွေရှိနေတာပါ။
လောဆန်းဟာ အဲဒီဒေသထဲက ရပ်ရွာအခြေပြုစင်တာကို ကုန်ပစ္စည်းတွေပါတဲ့ ဈေးရောင်းဗန်ကားတစ်စင်းကို တစ်ပတ်တစ်ကြိမ်စေလွှတ်ပေးလေ့ရှိပါတယ်။အခုလို အစားအစာ ၀န်ဆောင်မှုကြောင့် ဒေသခံဈေးဝယ်သူတွေဟာ ဗန်ကားနဲ့ရောင်းချချိန်မှာမရနိုင်တဲ့ အစားအစာ ပူပူနွေးနွေးတွေကိုလည်း မှာယူနိုင်တော့မှာဖြစ်ပါတယ်။အစားအစာမှာယူမှုရှိပြီဆိုတာနဲ့သုံးကီလီုမီတာ အဝေးမှာရှိတဲ့ ဈေးဆိုင်တစ်ဆိုင်ဟာ မှာယူတဲ့ပစ်္စည်းတွေကို စတုရန်း ၂၀ စင်တီမီတာကျယ်တဲ့ ဗူးထဲထည့်ပေးပြီး ဗန်ကားဆီကို ဒရုန်းနဲ့ပို့ပေးတာဖြစ်ပါတယ်။အဲဒီဒရုန်းဟာ ကုန်ပစ္စည်း ၂ ကီလိုဂရမ်ကျော်ကျော်အထိ သယ်ဆောင်ပျံသန်းနိုင်ပါတယ်။ဒရုန်းနဲ့ပစ္စည်း ပို့ဆောင်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီကတော့ အလားတူဝန်ဆောင်မှုမျိုးပေးတာ ဂျပန်နိုင်ငံမှာ ပထမဆုံး ဖြစ်တယ်လို့ဆိုပါတယ်။
ဒေသခံတွေကတော့ ကြက်ကြော်လို ပူပူနွေးနွေးစားစရာကို ပူပူနွေးနွေးပို့ဆောင် ပေးနိုင်လို့ ၀န်ဆောင်မှုကို နှစ်သက်တယ်လို့ဆိုကြပါတယ်။အခုလိုဝန်ဆောင်မှုမျိုးကို ထပ်ပြီး အသုံးပြုဦးမယ်လို့ သူတို့က ဆိုပါတယ်။လောဆန်းကုမ္ပဏီရဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ နည်းပညာတိုးတက်မှုဟာ ထောက်ပို့လုပ်ငန်းနယ်ပယ်မှာဖြစ်နေတဲ့ ၀န်ထမ်းမလုံလောက်မှုကို ဖြေရှင်းပေးနိုင်တယ်လို့ဆိုပါတယ်။