တရားရုံးအချုပ်ခန်းမှ ဖောက်ထွင်း ထွက်ပြေးသွားသူ အချုပ်သား (၇) ဦးနက် (၃) ဦးအား မိနစ်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိ
01 Nov 2017 1,400 Views
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာခရိုင် တရားရုံးတွင် အမှုအား ကြားနာစစ်ဆေးရန် မုံရွာအကျဉ်းထောင် အချုပ်ဆောင်မှ မုံရွာတရားရုံးအချုပ်သို့ ရုံးထုတ်လာသည့် အမျိုးသား အချုပ်သား (၅၂) ဦးအနက် (၇)ဦးသည် အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီ ၅၅ မိနစ်အချိန်က အချုပ်ခန်းတန်းအား ဖောက်ထွင်းဖြတ်တောက်ပြီး ထွက်ပြေးသွားခဲ့ရာ ၂ ဦးကို မိနစ်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၄ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အချုပ်သား ၇ ဦးမှာ မုံရွာတရားရုံး အချုပ်ခန်းသည် အလျား ပေ ၂၀ ၊ အနံ ၁၉ ပေ ၊ အမြင့် ၁၂ သစ်သားတိုင် သွပ်ဆူးကြိုးကာ အချုပ်ခန်းဖြစ်ပြီး ယင်း အချုပ်ခန်း၏ အနောက်တောင်ဘက် သစ်သားတိုင်အား သံဖြတ်လွှဖြင့် ဖြတ်တောက် ဖောက်ထွင်းပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ထွက်ပြေးသွားသည့် အချုပ်သားများထဲမှ ကျော်စွာထွန်း ရဲရင့်ထူး၊ ရဲနောင် တို့ကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက မိနစ်အတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၄ ဦးဖြစ်သည့် တိုးနိုင်(ခ)တိုးကြီး ၊ နောင်ရဲ ၊ ဇော်မင်းနိုင်(ခ) ဇော်ကြီး၊ အောင်ပြည့်စုံဟိန်း(ခ) ပြည့်စုံ တို့သည် ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သိရှိရသည်။
ဓါတ်ပုံပါ လွတ်မြောက်အချုပ်သားများကို တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် ဖော်ပြပေးခြင်းဖြစ်ပြီး သတင်းစာ ကျင့်ဝတ်သိက္ခာအရ ဆီလျော်ခြင်းမရှိသော်လည်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအတွက် အကြိုရှိမည်ဟု ယုံကြည်ရသည့်အတွက် မျက်နှာဖွင့် ဖော်ပြပေးရခြင်းဖြစ်သည်ဟု ဓါတ်ပုံသတင်းထောက် ကိုတိုးကြီး ကရေးသားဖော်ပြခဲ့သည်။
အဆိုပါ တရားရုံးထုတ် အချုပ်သား အမျိုးသား (၅၂)ဦး ၊ အမျိုးသမီး(၁)ဦး ပေါင်း(၅၃)ဦးအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင် (၁၂) ဦးဖြင့် တာဝန်ယူစောင့်ကြပ်လျက်ရှိပြီး တရားခွင် ကြားနာစစ်ဆေးချိန်တွင် ယင်း လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အလှည့်ကျ တာဝန်ခွဲဝေ၍ စောင့်ကြပ်လိုက်ပါရကြောင်း သိရသည်။