BEC-TERO TV

ညအချိန် ကျုံးဘေးလမ်းလျှောက်ထွက်လာသည့် အမျိုးသား(၃)ဦးအား လူတစ်စုက ၀ိုင်းဝန်းရိုက်နှက် ၁ ဦးသေဆုံး

08 Oct 2017     1,353 Views


မန္တလေး အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၂၄လမ်းနှင့်၂၆လမ်းကြား၊ ကျုံးဘေးပလက်ဖောင်းပေါ်တွင် အောက်တိုဘာ(၆)ရက် ည(၁၁)နာရီခွဲအချိန်ခန့်က လမ်းလျှောက်ထွက်လာသည့် ရခိုင်အမျိုးသား(၃)ဦးအား အမည်မသိလူတစုမှ သံပိုက်တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ(၆)ရက် ည(၈)နာရီအချိန်ခန့်က ထွန်းထွန်းဦး အသက်(၂၇)နှစ်၊ (ဘ)ဦးစော စိန်အောင်၊ ရခိုင်/ဗုဒ္ဓ၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသည် ဆောက်လုပ်ဆဲ အဆောက်အအုံမှလုပ်ငန်းသိမ်း၍ အလုပ်အတူတူလုပ်ကိုင်ကာ အတူနေထိုင်ကြသည့် သူငယ်ချင်းများဖြစ်သော အောင်နိုင်လင်း အသက်(၂၁)နှစ်၊ (ဘ)ဦးအောင်ဝင်းစိန်၊ ရခိုင်/ဗုဒ္ဓ၊ မဟာဇေယျာဘုံ ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ ဦးဟန်သန်း အသက်(၅၂)နှစ်၊(ဘ)ဦးမောင်မြတ်ထွန်း၊ ရခိုင်/ဗုဒ္ဓ၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေ သာစံမြို့နယ်တို့နှင့်အတူ ကျုံးဘေးသို့လမ်းလျှောက်ထွက်လာခဲ့ပြီး ၆၆ လမ်း၊ ၂၄လမ်းနှင့်၂၆လမ်းကြား အရောက်တွင် ကျုံးဘေးပလက်ဖောင်း၌ သုံးယောက်ထိုင်၍ အရက်သောက်ရင်းစကားပြောနေစဉ် (၁၁)နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်(၁၀)စီးခန့်အား စီးနင်းလာသည့် အမည်မသိအမျိုးသား(၁၃)ဦးခန့် မှာအနီးသို့ရောက်ရှိလာကာ ဘာမှမပြောဆိုဘဲအသင့်ယူ ဆောင်လာသောသံပိုက်တုတ်များဖြင့်ဝိုင်းဝန်း ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။

“အရိုက်ခံရတဲ့သူတွေကိုတော့ မေးမြန်းပြီးသွားပြီ။ ပြစ်မှုကျုးလွန်တဲ့သူတွေကိုလည်း နယ်ထိန်းအဖွဲ့ တွေနဲ့အတူ အခြားရဲစခန်းတွေနဲ့ဆက်သွယ်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်” ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောသည်။ ယင်းသို့ရိုက်နှက်မှုကြောင့် ဦးထွန်းထွန်းဦးတွင် ၀ဲဘက်မျက်နှာဖူးယောင်နာကျင်ဒဏ်ရာ၊ ၀ဲမျက်လုံး နာကျင်ဒဏ်ရာများရရှိပြီး ဦးဟန်သန်းတွင် ၀ဲတံတောင်ပွန်းပဲ့နာကျင်ဒဏ်ရာနှင့် အောင်နိုင်လင်းတွင် ဦးခေါင်းဝဲချိုစောင်းပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ၀ဲပါးဖူးယောင်ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ယင်းတို့အနက် အောင်နိုင်လင်းမှာရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သည်။

ပြစ်မှုကျုးလွန်သူများမှာ ၎င်းတို့အနီးရောက်ရှိစဉ် တစ်စုံတစ်ရာ မေးမြန်းပြောဆိုသည်ကို ၎င်းတို့သုံးဦးမှာ ရခိုင်လူမျိုးများဖြစ်သည့်အတွက် မြန်မာစကားမပီသသည်ကို မခြေမငံပြောဆိုဆက်ဆံသည်ဟု ထင်မှတ်ကာ ၀ိုင်းဝန်းရိုက်နှက်ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူအုပ်စုဖြင့် ၀ိုင်းဝန်းရိုက်နှပ်သွားသူများအား စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ)၆၂၆/၂၀၁၇၊ ပြစ်မှုပုဒ်မ-၃၀၂၊၃၂၃၊၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit   “News Watch”


08 Oct 2017     1,353 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS