BEC-TERO TV

လေးနှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သော ရဟန်းကို ထောင် ၁၀ နှစ်ချမှတ်

03 Oct 2017     1,316 Views


အောင်မြေသာစံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် တည်းခိုခဲ့သည့် မိသားစုမှ လေးနှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ခဲ့သည့် ရဟန်းတစ်ပါးကို မန္တလေး ခရိုင်တရားရုံးက အောက်တိုဘာလ ၂ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။


အောင်မြေသာစံမြို့နယ် အုတ်ဆက် ရပ်ကွက်၊ ၆၂ လမ်း၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြားရှိ စိန်တုံးကျောင်းတိုက်အတွင်း မှီခိုနေထိုင်သည့် မိသားစုတစ်ခုမှ ကလေးငယ်ကို ယင်းကျောင်းတိုက်တွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ် ဦးပညာဒီပ ခေါ် ဦးဇော်ဝင်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အဓမ္မပြုကျင့်ခဲ့သော အမှုဖြစ်သည်။


ယင်းသို့ အဓမ္မပြုကျင့်ခဲ့သည်ကို နောက်တစ်နေ့ည အိပ်ချိန်တွင် မိခင်ဖြစ်သူက သိရှိခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့ရာ အမှတ် ၁ နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှု ဖွင့်စစ်ဆေးခဲ့ပြီး ခရိုင်တရားရုံးသို့ တရားစွဲတင်ခဲ့သော အမှုလည်း ဖြစ်သည်။


တရားရုံးမှာတော့ ဒီအမှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စွဲတင်ပြီးတော့ စစ်ဆေးခဲ့တာ။ ပထမ စစ်ဆေးတုန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁ နဲ့ စွဲတင်ထားတာ။ နောက်ပိုင်းမှ တိုင်းတရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်အမှတ် ၂၃၆(ခ)/၂၀၁၆ အရ ၃၇၇ နဲ့ပါ စွဲတင်ဖို့ အမိန့်ချတဲ့အတွက် စစ်ဆေးခဲ့ပါတယ်”ဟု ခရိုင်တရားရုံးပြန်ကြားရေးအရာရှိ ဦးစောဝီလီက ပြောကြားသည်။


ယင်းသို့ စစ်ဆေးနေခဲ့ရာမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် တရားသူကြီးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆/ ၅၁၁ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ပုဒ်မ ၃၇၇ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်တို့ကို တပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟု ၎င်းကရှင်းပြသည်။


ဒီကလေးက အမှန်တကယ်လည်း ကျူးလွန်ခံခဲ့ရတယ်။ တကယ်လည်း သူ့ဘဝက နစ်နာသွားခဲ့တယ်။ အဲဒီလို အခြေအနေမှာ တရားရုံးက ထောင်ဒဏ် ဆယ်နှစ်ပဲ ချလိုက်တာက နည်းလွန်းတယ်လို့ မြင်ပါတယ်။ ကျွန်မမြင်တာကတော့ စွဲထားတဲ့ပုဒ်မအရ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်အတိုင်း ဖြစ်စေချင်ပါတယ်”ဟု ကလေးငယ်ဘက်မှ ကူညီဆောင်ရွက်ပေးနေသူ ဒေါ်တင်တင်ချိုက ပြောကြားသည်။


ယင်းသို့ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်ခဲ့ခြင်းအပေါ် မကျေနပ်သောကြောင့် တိုင်းတရားလွှတ်တော်သို့ အယူခံတင်မည် ဖြစ်ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက ပြောကြားသည်။
ကျွန်မ သမီးလေးက ဆေးကုယူခဲ့ရတယ်။ တရားသူကြီးကတော့ ထွက်ဆိုချက်တွေကိုကြည့်ပြီး အမိန့်ချတယ်လို့ သိရတယ်။ ကျွန်မကတော့ မကျေနပ်ပါဘူး”ဟု ၎င်းကဆိုသည်။


သတင်းရင်းမြစ် - The Voice
 


03 Oct 2017     1,316 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS