၂၀၁၈ နှစ်ဆန်းမှာ YBS ယာဉ်စီးခ ကဒ်စနစ်နဲ့စတင် စမ်းသပ်ကောက်ခံဖို့ တိုင်းဒေသကြီးအစိုးရလုပ်ဆောင်နေ
27 Sep 2017 1,552 Views
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လာမယ့် ၂၀၁၈ ဇန်န၀ါရီ နဲ့ဖေဖော်ဝါရီလလောက်မှာ YBS ယာဉ်တွေမှာ ယာဉ်စီးခကို ကဒ်စနစ်နဲ့ပေးချေတဲ့စနစ် စတင်ပြောင်းလဲနိုင်ဖို့ လုပ်ဆောင် နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရပြီး ပြည်လမ်းပေါ်မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတစ်ချို့မှာ စတင်စမ်းသပ်အသုံးပြုမယ်လို့ ပြောပါတယ်။ ကဒ်စနစ်စမ်းသပ်မှုအဆင်ပြေပါက ၂၀၁၈ နှစ်ဝက် မတိုင်ခင် ရန်ကုန်ဘတ်စ်ကား အားလုံးမှာ ယာဉ်စီးခကို ကဒ်စနစ်နဲ့ပေးတဲ့စနစ်ပြောင်းလဲဖို့ လျာထားတယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ အဆိုပါကဒ်စနစ်ကို ပြောင်းလဲနိုင်ဖို့ တာဝန်ယူလုပ်ကိုင်မယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်ယူနေပါပြီ။လက်ရှိမှာ YBS အတွက် ကဒ်စနစ်ဖြစ်တဲ့ (Yangon Payment Service)အတွက် ရင်းနှီးမြုပ်နှံမှု အဆိုပြုလွှာ(EOI)ခေါ်ယူနေပြီ ဖြစ်ပါတယ်။
ရန်ကုန်က ဘတ်စ်ကားတွေမှာသုံးမယ့် ယာဉ်စီးခကဒ်စနစ်အတွက် တာဝန်ယူလုပ်ကိုင်မယ့် ကုမ္ပဏီကိုတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ၀န်ကြီးရှစ်ဦးပါတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုယ်တိုင်ရွေးချယ်မှာဖြစ်ပါတယ်။ကဒ်စနစ်မှာတော့လက်ရှိယာဉ်စီးခနှုန်းထားတွေထက် ပိုများမှာမဟုတ်ဘူးလို့ YPS တင်ဒါ ကော်မတီထံက သိရပါတယ်။ မိုင်အလိုက် ယာဉ်စီးခသတ်မှတ်မှာဖြစ်ပြီးအဲ့ဒီ့ အတွက် YBS ယာဉ်လိုင်းအလိုက် ခရီးစဉ်မိုင်အကွာအဝေးတွေနဲ့ ကုန်ကျစရိတ်တွေကိုလည်းစာရင်းကောက် ယူထားပြီး ဖြစ်တယ်လို့သိရပါတယ်။တိုင်းဒေသကြီးအစိုးရဘက်ကတော့ YBS ကို ဘဏ်ကဒ်တွေနဲ့ပါစီးနင်းနိုင်ဖို့နဲ့ နည်းပညာမြင့် QR ကုဒ်လိုမျိုးပါသုံးနိုင်အောင် မျှော်မှန်းထားပေမယ့် လက်ရှိ YBS ခရီးသွားတွေရဲ့ အနေအထားအရ ငွေဖြည့်ကဒ်လိုမျိုးနဲ့သာစတင်မယ်လို့သိရပါတယ်။
တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်ကဘတ်စ်ကားတွေမှာ စပယ်ယာတွေအစားကိုယ်တိုင်ငွေပုံးထဲယာဉ်စီးခထည့်စီးရတဲ့စနစ်ကိုပြောင်းလဲအပြီး နောက်ထပ်ကဒ်စနစ်နဲ့ ယာဉ်စီးခ ပေးချေတဲ့ စနစ်ကိုပြောင်းလဲဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။လက်ရှိ ရန်ကုန်မြို့မှာတော့ ဘတ်စ်ကားစီးခရီးသည်တွေရဲ့တစ်ရက်စီးနင်းမှု ခရီးစဉ်လမ်းကြောင်း (၁)သန်းခွဲနီးပါးရှိတယ်လို့သိရပြီး လက်ရှိ YBS စနစ် အောက်မှာ ယာဉ်လိုင်းပေါင်း (၁၀၁)လိုင်းနဲ့ ယာဉ်အစီးရေ (၄၀၀၀)ကျော် အထိရှိနေပါပြီ။တိုင်းဒေသကြီးအစိုးရရဲ့ စစ်တမ်းအရ YBS ယာဉ်တစ်စီးဟာ တစ်နေ့ကို ကျပ်ရှစ်သောင်းနဲ့ ကျပ်တစ်သိန်းခွဲကြား ၀င်ငွေရရှိနေ တယ်လို့သိရပါတယ်။