BEC-TERO TV

၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်သဖြင့်အမှုဖွင့်တိုင်ကြား

26 Sep 2017     1,719 Views


ရွှေပြည်သူမြို့နယ် လှော်ကားတာဆုံအနီးရှိ “မြင့်မဟာ” စားသောက်ဆိုင်ပိုင်ရှင် လင်မယားမှ အသက် ၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်သဖြင့် မိခင်ဖြစ်သူမှ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ (၂၃)ရက် ည (၁၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂၄) ဇီးကုန်းရပ်ကွက်၊ ယုဇနလမ်း၊ အိမ်အမှတ်(၂၅၂) အဆောင်တွင် နေထိုင်သော မမြမြခိုင် (၃၈)နှစ်သည် ၎င်း၏အကိုဖြစ်သူ ဦးမြင့်ဦး၊ သမီးဖြစ်သူ မရွှေဇင်ဝင်း (၁၁)နှစ် တို့နှင့်အတူ တစ်ရပ်ကွက်တည်းနေ ဦးမျိုးသွင်ဦး-မြို့နယ်တွဲဘက် အတွင်းရေးမှူး (မြန်မာနိုင်ငံမှုခင်းထောက်များအသင်း(MCRA)/ရှုထောင့်မှုခင်းနှင့်သတင်းအဖွဲ့(SH) ထံသို့ရောက် ရှိကာ သမီးဖြစ်သူနှင့်ပတ်သက်၍ ကူညီပေးပါရန် အကူအညီတောင်းခံခဲ့ရာ ဦးမျိုးသွင်ဦးမှ မြို့နယ်(MCRA-SH) ဥက္ကဋ္ဌထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး မြို့နယ်
ဥက္ကဋ္ဌ ဦးကိုကိုခိုင်နှင့် ပြန်ကြားရေးမှူး မင်းမင်း တို့မှရောက်ရှိလာပြီး မေးမြန်းရာ -

မမြမြခိုင်မှ လွန်ခဲ့သော(၇)လခန့်က စီးပွားရေးအခြေအနေ အရပ်ရပ်ကြောင့် သမီးဖြစ်သူ မရွှေဇင်ဝင်းအား လှော်ကားရပ်ကွက် ပြည်တော်သာလမ်းရှိ “မြင့်မဟာ” စားသောက်ဆိုင်တွင် ပိုင်ရှင်ဦးသိန်းမြင့်စိုး ဇနီးဒေါ်တင်ဌေးရီ တို့လင်မယားထံတွင် အလုပ်လုပ်ရန်အပ်နှံထားခဲ့သည်။
မမြမြခိုင်မှ စက်တင်ဘာ(၂၁)ရက်နေ့တွင် သမီးဖြစ်သူထံသွားရောက်ခဲ့ရာ ပိုင်ရှင်လင်မယားမှ သမီးဖြစ်သူ ရင်ဘတ်အောင့်ပြီး နေမကောင်းဖြစ်နေသဖြင့် ဆေးကုပေးနေရကြောင်း သမီးဖြစ်သူအားပြန်ခေါ်သွားရန်နှင့် တစ်ရက် နှစ်ရက်နေလျှင် ပြန်လာပို့ပေးရန် ပြောကြားကာ သမီးဖြစ်သူအားပြန်ထည့်ပေးလိုက်သည်။


သမီးဖြစ်သူနှင့်နေအိမ်ပြန်ရောက်ပြီး (၃)ရက်အကြာ စက်တင်ဘာ(၂၃)ရက် ည(၈)နာရီအချိန်ခန့်တွင် မမြမြခိုင်သည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူသည် လမ်းပေါ် တွင်မူးလဲကြောင်း ကြားသိရသဖြင့်လိုက်သွားရာ သမီးဖြစ်သူမှ အမေသမီးကိုအသေသာ သတ်ပစ်လိုက်ပါတော့ အဲ့ဒီဆိုင်မှာ သမီးအလုပ်မလုပ်ချင်တော့ဘူးဟု ပြောကြားသဖြင့် မိခင်ဖြစ်သူမှမေးမြန်းရာ သမီးဖြစ်သူ မရွှေစင်ဝင်းမှ စက်တင်ဘာ(၁၄)ရက် ဝန်းကျင်တွင် “မြင့်မဟာ” စားသောက်ဆိုင်ပိုင်ရှင် ဒေါ်တင်ဌေးရီမှ ဦးခေါင်းကို ဘုရားပန်းအိုးဖြင့်ထုခြင်း၊ ဓားပြားဖြင့်လက်ကိုရိုက်ခြင်း၊ ဝါယာကြိုးဖြင့်ရိုက်ခြင်းများပြုလုပ်ပြီး ၎င်း၏ ယောက်ျားဖြစ်သူ ဦးသိန်းမြင့်စိုးမှ ရင်ဝကိုခြေထောက်ဖြင့် စောင့်ကန်ခြင်းများ ပြုလုပ်သဖြင့် ရင်ဘတ်အောင့်နေကြောင်း ပြောပြခဲ့သည်။


အကြောင်းစုံသိရပြီးနောက် မရွှေစင်ဝင်းအား ကြည့်ရှုရာ ဦးခေါင်းအတွင်း ဆံပင်နှင့်အုပ်လျက် ဘုသီးကြီးတွေ့ရှိ၍ လက်တွင်လည်းပွန်းပဲ့ဒဏ်ရာ နှင့် အရှိုးရာများ တွေ့ရှိခဲ့သည်။
၎င်းနောက် ဦးကိုကိုခိုင်နှင့်(MCRA-SH)အဖွဲ့မှ အမှတ်(၂၄) ဇီးကုန်းရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ ဒေါ်ခင်စန်းအေး အမှတ်(၉)ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ ဒေါ်အမာ တို့ကိုဆက်သွယ်ခေါ်ယူ၍ လှော်ကားနယ်မြေ
ရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီး ရွှေပြည်သာဆေးရုံသို့ ညတွင်းချင်း ဆေးစာရယူကာ နံနက်(၂)နာရီအချိန်တွင် မိခင်ဖြစ်သူ မမြမြခိုင်မှတရားလိုပြု၍ အမှုဖွင့်လှစ်နိုင်ခဲ့သည်။

လှော်ကားနယ်မြေစခန်းမှူး ရဲအုပ်သက်နိုင်မှ ညတွင်းချင်း အမှုဖွင့်လှစ်နိုင်အောင် အဖက်ဖက်မှကူညီ ဆောင်ရွက်ပေးခဲ့ပြီး (ပ)၈၉၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၅၄/၁၁၄ တို့ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျှက်ရှိသည်။


ကိုကိုခိုင်
MCRA-SH
ရွှေပြည်သာမြို့နယ်ရုံး
ရဲ ရင့် ထွန်း

 


26 Sep 2017     1,719 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS