နည်းပြရာထူးကနေ အစောဆုံးထုတ်ပယ်ခံခဲ့ရတဲ့ ဖရန့်ဒီဘိုးဝါး
13 Sep 2017 1,437 Views
(၂၀၁၇-၁၈) ဘောလုံးရာသီမှာ ခရစ်စတယ်လ်ပဲလေ့စ်အသင်းကို ရလဒ်ကောင်းရရှိအောင်စွမ်းဆောင် နိုင်ခြင်းမရှိခဲ့တဲ့ဖရန့်ဒီဘိုးဝါးကတော့ လက်ရှိမှာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့သိရပါတယ်။ဖရန့်ဒီဘိုးဝါးဟာ (၂၀၁၇) ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှာ ခရစ်စတယ်လ်ပဲလေ့စ်အသင်းနဲ့ သုံးနှစ်စာ ချုပ်ချုပ်ဆိုခဲ့ပြီး၊ နည်းပြကြီးဆမ်အလာဒွိုက်ရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဖရန့်ဒီဘိုးဝါးဟာ လက်ရှိမှာခရစ်စတယ်လ်ပဲလေ့စ်အသင်းကို(၇၇)ရက်ကြာသာကိုင်တွယ်ထားခဲ့ရသေးတာဖြစ်ပြီး၊ပရီးမီးယား လိဂ်ပွဲစဉ် (၄) ပွဲကိုင်တွယ်ထားခဲ့ရာမှာ သွင်းဂိုးတစ်ဂိုးမှရယူနိုင်ခြင်းမရှိခဲ့သလို၊ ရမှတ် (၁) မှတ်မှလည်းရယူပေး နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ဖရန့်ဒီဘိုးဝါးဟာ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်အတွင်းမှာလည်း အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့ပြီး၊ ရက်ပေါင်း (၈၅) ရက်သာကိုင်တွယ်ခဲ့ရာမှာလည်း ရာထူးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ သူကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြတွေထဲမှာ တတိယမြောက်အစောဆုံးထုတ် ပယ်ခံခဲ့ရတဲ့နည်းပြတစ်ဦးဖြစ်လာခဲ့ပြီး၊ ချာလ်တန်အသင်းနည်းပြ လက်စ်ရိနဲ့ ဖူလ်ဟမ်အသင်းနည်းပြ မူလန်စ တင်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာအစောဆုံးထုတ်ပယ်ခံခဲ့ရတဲ့နည်းပြတွေအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။
ဖ ရန့်ဒီဘိုးဝါးဟာ အေဂျက်ဇ်အသင်းကိုကိုင်တွယ်ခဲ့ဖူးပြီး၊ အေဂျက်ဇ်အသင်းမှာတော့ ရလဒ်ကောင်းတွေရရှိ အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ခရစ်စတယ်လ်ပဲလေ့စ်အသင်းကတော့ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲ ယှဉ်ပြိုင်ပြီးချိန်မှာ ရမှတ်ရယူနိုင်ခြင်းမရှိသေးပဲ အဆင့် (၁၉) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိခရစ်စတယ်လ်ပဲလေ့စ်အသင်းကတော့ ဖရန့်ဒီဘိုးဝါးကိုထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ လစ်လပ် သွားခဲ့တဲ့နည်းပြရာထူးအတွက် အင်္ဂလန်အသင်းနည်းပြဟောင်း ရွိုင်းဟော့ဒ်ဆန်ကို နည်းပြအဖြစ်ခန့်အပ်သွားဖို့ အတွက်စီစဉ်နေတယ်လို့လည်းသိရပါတယ်။