BEC-TERO TV

မိန်းမထံဖုန်းခေါ်ဆိုသူအား ခင်ပွန်းက အယုံသွင်းကာ ဓားနဲ့ထိုးသတ်မှု တာမွေမြို့တွင် ဖြစ်ပွား

04 Sep 2017     1,660 Views


စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်၊ မေတ္တာမွန်အိမ်ယာဝင်းအတွင်းရှိ လမ်းပေါ်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေခဲ့သည့် အမှုအတွက် အမျိုးသမီးများအပါအဝင် သံသယရှိသူ လေးဦးကို ဖမ်းဆီးထားသည်။

 


ဖြစ်စဉ်မှာ သေဆုံးသူ ကြက်ကလေး(ခ)နေလင်းထွန်း (၂၈ နှစ်)က သြဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် အရက်သောက်စားရင်း ခင်းမင်ရင်းနှီးဖူးသူ မေလေး(ခ)မေသူလွင်ထံသို့ ဖုန်းဆက်ရာမှ သူမ၏ ခင်ပွန်းဖြစ်သူ စည်သူအောင် သိရှိသွားပြီး ဖုန်းထဲတွင် စကားများကြရာမှ စည်သူအောင်က သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် စည်သူအောင်က ခယ်မတော်စပ်သူ အင်ကြင်း(ခ)မေသဇင် အား နေလင်းထွန်း၏ ဖုန်းကို ဆက်ခိုင်းစေပြီး ည ၉ နာရီတွင် မေတ္တာမွန်အိမ်ယာဝင်း၌ တွေ့ဆုံရန် ချိန်းဆိုခိုင်းခဲ့သည်။

ထိုနောက် စည်သူအောင်က သူငယ်ချင်းဖြစ်သူ ကျော်ကြီး(ခ)ကျော်မင်းလှိုင်ကို ခေါ်ယူကာ ဇနီးဖြစ်သူ မေသူလွင်၊ ခယ်မဖြစ်သူ မေသဇင်တို့နဲ့အတူ လေးယောက်သား ချိန်းဆိုထားသည့် နေရာသို့ သွားခဲ့ကြသည်။ အခင်ဖြစ်ပွားရာ နေရာသို့မရောက်မီ မေသူလွင်မှာ အနီးနားရှိ လက်ဖက်ရည်ဆိုင်တွင် ကျန်နေခဲ့သည်။ ည ၁၀ နာရီအချိန်ခန့်တွင် စည်သူအောင်က ခယ်မဖြစ်သူ မေသဇင်အား နေလင်းထွန်းကို ထပ်မံဖုန်းခေါ်ဆိုခိုင်းခဲ့ပြီးနောက် ပြန်လွှတ်ခဲ့သည်။

နေလင်ထွန်း ရောက်လာချိန်တွင် သူငယ်ချင်းဖြစ်သူ ကျော်မင်းလှိုင်က ချုပ်ပေးပြီး စည်သူအောင်က အသင့် ယူဆောင်လာသော အရိုးအသွား ၁၀ လက်မခန့်ရှိသည့် ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

လူသတ်မှုနှင့် ပက်သက်၍ စည်သူအောင်အပါအဝင် လေးဦးကို (ပ)၆၅၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/၁၁၄ တို့ဖြင့် တာမွေမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး


 


04 Sep 2017     1,660 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS