BEC-TERO TV

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂မှ မြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ ယခုနှစ် အောက်တိုဘာလမှစကာ ပြောင်းလဲ ကျင့်သုံးမည်

23 Aug 2017     1,349 Views


မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂မှ မြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ ယခုနှစ် အောက်တိုဘာလမှစကာ ပြောင်းလဲ ကျင့်သုံးမည် ဖြစ်သောကြောင့် ကုန်ပစ္စည်း အမျိုးအစား အများစုကို အကောက်ခွန်နှုန်းများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ အချို့ကုန်စည်များ အပေါ်တွင် ကောက်ခံသည့် အကောက်ခွန်နှုန်းထားများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သတ်မှတ်ချက်နှင့် မကိုက်ညီခြင်းအပြင် နှစ်ရာခိုင်နှုန်းသာ ကောက်ခံနေသည့်အတွက် အခွန်နှုန်းထားများ အလွန်နည်းပါးသောကြောင့် အကောက်ခွန်နှုန်း ၂၀၁၇ ကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက ပြောကြားသည်။

ပြည်ပနိုင်ငံများက တင်သွင်းသည့် အသင့်သောက်သုံးနိုင်သည့် ကော်ဖီကို ယခင် အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ တွင် တင်သွင်းသည့် ပမာဏအပေါ်၌ စည်းကြပ်တန်ဖိုး (Custom Duty) ၁၅ ရာခိုင်နှုန်း ကောက်ခံသော်လည်း ယခု ပြောင်းလဲကောက်ခံမည့် အကောက်ခွန်နှုန်း၂၀၁၇ တွင် ၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း ယခင်က ဝ ဒသမ ၅ ရာခိုင်နှုန်း၊ ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“နှစ်ရာခိုင်နှုန်းပဲကောက်တဲ့ ကုန်စည်တွေလည်းရှိတော့ အလွန်နည်းနေတဲ့ အကောက်ခွန်နှုန်းတွေလည်းရှိပြီး ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်တဲ့သူတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက်လည်း အကောက်ခွန်နှုန်းတွေကို တိုးမြှင့်ရခြင်း ဖြစ်ပါတယ်”ဟု

အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်းက ပြောကြားသည်။ထို့အတူ ပြည်ပမှ တင်သွင်းသည့် အသီးအနှံများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၃၀ ရာခိုင်နှုန်း၊ ပန်းများကိုလည်း ယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်း၊ အိမ်သုံးဆားကို ယခင် ၁၀ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်း၊ သစ်လုံးများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု သုညရာခိုင်နှုန်း၊ ပရိ ဘောဂများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်း၊ လေအေးပေးစက် (Aircon) များကို ယခင် ၁ ရာခိုင်နှုန်း၊ ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းနှင့် လက်ဖက်များကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်းအထိ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။အခွန်နှုန်းများနေပါက ကုမ္ပဏီများအနေနှင့် ပြည်တွင်း၌ လာထုတ်ကြစေလိုကြောင်း၊ သို့မှသာ ပြည်တွင်း ထုတ်လုပ်မှု တက်လာပြီး အကျိုးသက်ရောက်မှုရှိမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက ပြောဆိုသည်။

“ပြည်တွင်းမှာက အသင့်ကော်ဖီ မထုတ်နိုင်တဲ့အတွက် အခွန်တိုး ကောက်လိုက်တော့ သွင်းတဲ့သူတွေက ဈေးတိုး ရောင်းမှာပေါ့။ ပြည်သူတွေပဲ ဈေးကြီးပေး ဝယ်ရမယ်။ အခွန်နဲ့တားလို့မရဘူး။ ကိုယ့်ဆီမှာမှ မထုတ်နိုင်တာ။ အခွန်တိုးကောက်တာက အဖြေမဟုတ်ဘူး။ သွင်းကုန် အစားထိုး လုပ်ငန်းကို စဉ်းစားရမယ်။ ပြည်တွင်းမှာ ကော်ဖီအသစ်တွေကို ပိုသောက်အောင် စဉ်းစားရမယ်”ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က သုံးသပ် ပြောကြားသည်။

Credit : thevoicemyanmar


23 Aug 2017     1,349 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS