ရုပ်သံစာချုပ်များကြောင့် ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားလက်လွတ်ခဲ့ရတယ်ဆိုတဲ့ ဝင့်ယမုံလှိုင်
23 Aug 2017 1,522 Views
MRTV-4 ရုပ်သံလိုင်းတွင် ပြသလျှက်ရှိသော မြန်မာရုံသံဇာတ်လမ်းတွဲများတွင် အဓိကဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်နေရပြီး ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ ဝင့်ယမုံလှိုင် က သရုပ်ဆောင်တွေရဲ့ အိမ်မက်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ရိုက်ကူးဖို့ လက်လွှတ်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
“ကားကြီးနှစ်ကား ရိုက်ကူးဖို့အတွက် လာရောက်ကမ်းလှမ်းထားတာရှိပါတယ်။ ပထမတစ်ကားက ဦးမင်းဦးနဲ့ ရိုက်ရမှာဖြစ်ပါတယ်။ နောက်တစ်ကားကတော့ ဦးထွန်းအောင်ကျော်ရိုက်မယ့် ရုံတင်ကားကြီး နှစ်ကားပါ။ ဒါပေမယ့် ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတဲ့အတွက် အခက်အခဲတွေအများကြီး ရှိနေတယ်။ ဇာတ်လမ်းတော့ သေချာမသိခဲ့ရဘူး။ ကျွန်မတို့လို သရုပ်ဆောင်အသစ်တွေအတွက် ဇာတ်ကားကြီးတွေရိုက်ကူးဖို့ ကမ်းလှမ်းခံရတယ်ဆိုတာ အခွင့်အရေးပေါ့။ ဒါပေမယ့် လက်လွှတ်လိုက်ရတယ်။ ဇာတ်လမ်းတွဲတွေ ပြတ်မှပဲ ရိုက်ကူးတော့မယ်” ဟု ဝင့်ယမုံလှိုင်က ရင်ဖွင့်ပြောကြားခဲ့သည်။
“ချစ်သူထွင်းတဲ့အက္ခရာ” “သံစဉ်များဖြင့် ဖွဲ့သီသော” ရုပ်သံဇာတ်လမ်းတွဲများဖြင့် ပရိသတ်အားပေးလက်ခံမှုကို ရရှိခဲ့ပြီး သရုပ်ဆောင်အသစ်များအတွက် ဇာတ်လမ်းတွဲရိုက်ကူးမှုက အထောက်အကူဖြစ်စေပေမယ့် စာချုပ်များ ချုပ်ဆိုထားရသဖြင့် အခြားကမ်းလှမ်းမှု အခွင့်အရေးတွေကို ဆုံးရှုံးရကြောင်း ပြောလာပြန်သည်။
“ကျွန်မက ရုပ်သံနဲ့လည်း စာချုပ်ချုပ်ထားတော့ အခြားဇာတ်ကားရိုက်ကူးဖို့ ဘယ်လိုမှ ရိုက်ရက်ညှိလို့မရခဲ့ဘူး။ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ကံမပါသေးတာလည်း ဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင်ပေါ့၊ မာနကြီးတာမျိုး ကာရိုက်တာကို ရိုက်ရတာ သဘောကျတယ်။ အခု ပျော်ရွှင်ခြင်းဝိဉာဉ်များမှာ မာနကြီးတဲ့ မင်းသမီးကာရိုက်တာလေး ရိုက်ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
သရုပ်ဆောင်တစ်ဦးအတွက် ကာရိုက်တာအစုံရိုက်လိုစိတ်ရှိပြီး ရဲမေလိုမျိုး အက်ရှင်နဲ့ ဟာသ ကာရိုက်တာလေးများကိုလည်း သရုပ်ဆောင်ချင်ကြောင်း ဖွင့်ဟခဲ့သည်။
သတင်းရင်းမြစ်-မြန်မာ့အလင်း