မြန်မာ့ဆန်ကိုဖိလစ်ပိုင်နိုင်ငံကို တင်ဒါစနစ်နဲ့ရောင်းချနိုင်ဖို့ တင်ဒါဝင်ပြိုင်ခဲ့ရာမှာ ဈေးနှုန်းမြင့်နေတဲ့အတွက် ရှုံးနိမ့်ခဲ့ရတယ်
22 Aug 2017 1,318 Views
မြန်မာ့ဆန်ကိုဖိလစ်ပိုင်နိုင်ငံကို တင်ဒါစနစ်နဲ့ရောင်းချနိုင်ဖို့ တင်ဒါဝင်ပြိုင်ခဲ့ရာမှာ ဈေးနှုန်းမြင့်နေတဲ့အတွက် ရှုံးနိမ့်ခဲ့ရတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်နိုင်ငံအစိုးရရဲ့ကမ်းလှမ်းမှုကြောင့် မြန်မာ့ဆန်ကိုဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နိုင်ဖို့ တင်ဒါဝင်ပြိုင်ခဲ့ပါတယ်။ ဖိလင်ပိုင်နိုင်ငံအနေနဲ့ မြန်မာ့ဆန်ကိုဝယ်ယူဖို့ သည်နှစ်စမှာစတင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုတင်ဒါစနစ်နဲ့ဝင်ပြိုင်ရာမှာ ပထမအဆင့် ရွေးချယ်တဲ့နိုင်ငံပေါင်း ၁၅ နိုင်ငံထဲမှာတော့ပါဝင်ခဲ့ပါတယ်။
နောက်ထပ် ဒုတိယအဆင့်အနေနဲ့ ခြောက်နိုင်ငံရွေးချယ်ခါမှ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဓိကကတော့မအောင်တဲ့အကြောင်းကတော့ ဈေးနှုန်းများလွန်းတာကြောင့်ပေါ့၊ ဈေးနှုန်းက မြင့်သွားတဲ့အခါကျတော့ တင်ဒါမအောင်ဘဲ ဖြစ်သွားတာပေါ့၊ ဈေးနှုန်းကလဲ အရည်အသွေးအလိုက် သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ကုန်သည်တွေဘက်ကလဲ သူတို့ရောင်းနိုင်တဲ့ဈေးနှုန်း မျှော်မှန်းရတာပေါ့၊ နောက်အချိန်မှာ ဆန်ဈေးဘယ်လိုဖြစ်မလဲပေါ့၊ ဒို့ဆီအခုရောင်းနေတဲ့ဈေးနှုန်းနဲ့က ပြိုင်လို့ရတယ်၊သို့သော်ဖြစ်လာမယ့် ဈေးနှုန်းကို ချိန်ဆရ တာပေါ့လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ သည်နှစ်ထဲမှာ မြန်မာ့ဆန်ကို ဝယ်ယူဖို့ကမ်းလှမ်းထားတဲ့ပြည်ပနိုင်ငံပေါင်း သုံးနိုင်ငံရှိပါတယ်။ သည်သုံးနိုင်ငံထဲမှာ ဖိလစ်ပိုင်နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။
တခြားနိုင်ငံတွေကတော့ သီရိလင်္ကာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဖြစ်ပါတယ်။ လက်ရှိသည်နိုင်ငံတွေကိုတင်ပို့ဖို့ ကတော့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ကတော့ လက်ရှိအချိန်မှာ G to G စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးတဲ့အဆင့်ရောက်နေပြီဖြစ်ပါတယ်။ သူတို့နိုင်ငံအနေနဲ့ ကမ်းလှမ်းတဲ့တန်ချိန်ကတော့ သုံးသိန်းခန့်ဖြစ်တယ်လို့သိရပါတယ်။ သီရိလင်္ကာနိုင်ငံကတော့ သည်နှစ်ထဲမှာ မြန်မာ့ဆန်တန်ချိန် ငါးသိန်းဝယ်ယူဖို့ကမ်းလှမ်းထားပါတယ်။ သူတို့နိုင်ငံအနေနဲ့ ကမ်းလှမ်းထားတဲ့ တန်ချိန်ငါးသိန်းထဲမှာတော့ ပေါင်းဆန်တန်ချိန် နှစ်သိန်းနဲ့ ဆန်ဖြူသုံးသိန်းတို့ ကိုဝယ်ယူမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ အာဖရိကနိုင်ငံကို ၂၅ မှတ်တန်ဆန်တင်ပို့မှုမြင့်မားနေပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူထက် ဆန်၊ ဆန်ကွဲတင်ပို့မှု တန်ချိန် ခြောက်သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
Credit : kumudranews
( မာရီခိုင် )