BEC-TERO TV

မိန်းကလေးငယ်များကို ပစ်စလပ်ခတ် ရောင်းစားသူ လူမှောင်ခိုကူး အမျိုးသမီး(၂)ဦး ကို ဖမ်းဆီး

19 Aug 2017     1,391 Views


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာနေ ဦးစိန်မောင် နှင့် ဒေါ်ဌေးမြိုင် တို့၏ သမီး မဌေးဌေးဝင်း (၂၀)နှစ် အားတစ်ရွာထဲနေ မနှင်းမေ နှင့် မကြည်ရွှေ တို့ (၂)ဦးမှ မြစ်ကြီးနားမြို့ လက်ဖက်ရည်ဆိုင်၌ တစ်လလျှင် လစာ တစ်သိန်းခွဲဖြင့် အလုပ်ရမည် ဟု ပြောဆိုစည်းရုံးပြီး (၃)လစာ ကြိုတင်ငွေ လေးသိန်းခွဲ ပေး၍ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထဲက ခေါ်ဆောင် သွားခဲ့ပြီး နောက်ပိုင်းတွင် မိန်းကလေးများနှင့် မိဘများက အဆက်အသွယ် မရရှိတော့သည့်အပြင် ခေါ်ယူသွားခဲ့သူ အမျိုးသမီး (၂)ဦးလည်း ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။


မိန်းကလေး၏ မိဘများက မိုးကောင်းမြို့မ ရဲစခန်းသို့ သွားရောက် တိုင်ကြားထားပြီး စုံစမ်းလျှက်ရှိရာ ကသာခရိုင် ထီးချိုင့်မြို့နယ် ပိတောက်လှ ကျေးရွာသို့ ရောက်ရှိနေကြောင်း ကြားသိရသဖြင့် ကူညီစုံစမ်း ဖမ်းဆီးပေးရန် မိုးကောင်းရဲစခန်းမှ ကသာခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့ သို့ အကြောင်းကြားလာသဖြင့် ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူးထံ တင်ပြ၍ ကသာခရိုင် မှု/နှိမ် မှ ရဲအုပ် အောင်အောင်သန်း နှင့် အဖွဲ့ ၊ ထီးချိုင့်မြို့မ စခန်းမှူး ဒုရဲမှူး ရဲထွဋ်အောင် ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲလင်းအောင် တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ (၁၇ . ၈ . ၂၀၁၇)ရက်နေ့ ညနေ(၃း၃၀) အချိန်တွင် ထီးချိုင့်မြို့နယ် ဗန်းမော် - မန္တလေး ကားလမ်းမပေါ်ရှိ အောင်သာယာကျေးရွာ အနီး၌ မန္တလေး သို့ ထွက်ပြေးရန် ကားစောင့်နေစဉ် အချိန်၌ ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ တရားခံ(၂)ဦး အား ရဲအုပ် အောင်အောင်သန်း နှင့် အဖွဲ့ မှ ကားဖြင့် ထီးချိုင့်မြို့မှ တဆင့် စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် နယ်စပ်ရှိ နန့်စီးအောင်ကျေးရွာသို့ ပို့ဆောင်ပေးခဲ့ပြီး မိုးကောင်းမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်ဝင်း ထံ သို့ ည(၁၀း၃၀)အချိန်၌ လွှဲပြောင်းအပ်နှံခဲ့သည်။


ထို့နောက် မနှင်းမေ (၄၂ -နှစ်) (ဘ) ဦးတင်ငွေ နှင့် မကြည်ရွှေ (၅၇- နှစ်)(ဘ)ဦးထွန်းကျော် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ နေထိုင်သူတို့ (၂)ဦး အား မိုးကောင်းမြို့မ ရဲစခန်းမှ (ပ)၉၂/၂၀၁၇ လူကုန်ကူး တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ခဲ့ပြီး အမှုစစ် ရဲအုပ် ကိုကိုကြီး မှ အမှုအား အသေးစိပ် စစ်ဆေးလျှက်ရှိသည်။


အဆိုပါ အမှုသည် (၁၈ . ၇ . ၂၀၁၆) က မဌေးဌေးဝင်း (၂၀)နှစ် ကို ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း တစ်နှစ်ပြည့်သည့်အချိန် (၁၈ . ရ . ၂၀၁၇) ရက်နေ့၌ တရားခံ(၂)ဦး ကို ဖမ်းဆီးရမိခဲ့သော်လည်း လူမှောင်ခိုကူးခြင်း ခံရသူ မဌေးဌေးဝင်း (၂၀)နှစ် မှာ တရုတ်မယား အဖြစ် ရောင်းစားခြင်း ခံရကာ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိရှိရသေး သလို မည်မျှ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကိုလည်း မိဘများက မသိရသဖြင့် စိုးရိမ်ပူပန်မှုများ ကြီးစွာ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။


နိုင်ကြီး (ကသာ)

 


19 Aug 2017     1,391 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS