ပုဂံ ဘုရားတွေပိတ်တော့မယ်လို့ကြားနေရတယ်.. မြေကုန်းတွေလည်း တည်ဆောက်နေတယ်
14 Jul 2017 1,576 Views
( ကျွန်တော်ငယ်ငယ်က တံခါးမရှိ ဒါးမရှိ ပုဂံမြင်ကွင်းကို တက်ကြည့်လို့ရတဲ့ ပုဂံဘုရားတွေ တဖြေးဖြေး တခုပြီးတခု ပိတ်ကုန်တယ်.. ပထမဆုံးပိတ်ခဲ့တာ ၂၀၀၀ လောက်ကထင်တယ်.. အကြောင်းမဲ့ပိတ်ခဲ့တာ.. VVVIP မိသားစု နဲ့ ကျောင်းသားဘုရားဖူးတစု နဲ့ သဗ္ဗေညု ဘုရား နေဝင်ချိန် အပေါ်တက်ကြတဲ့ ပြဿနာ က စတယ် ဆိုကြတယ်.... အခု နောက်ဆုံး အကုန်လုံးနီးပါးပိတ်တော့မယ်ကြားတယ်.. တဖက်က မြေသားကုန်းတွေ တည်ဆောက်နေတယ်..ဒီစာသားတွေဟာ ကျွန်တော့်အမြင်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကရေးထားတာပါ.. )
ပုဂံခေတ် က ပညာရှင် တွေ ဟာ တည်ပြီးသား ပုထိုးတွေ ပေါ် တက်ကြည့်ပြီး မတူညီတဲ့ ဗိသုကာ သစ် အမျိုးမျိုး ကို အပြိုင်အဆိုင် ပုံဖေါ်ခဲ့ လို့ မဟာပုဂံ ဖြစ်လာခဲ့တယ်။
နှောင်းခေတ် မင်းတွေဟာ ပုဂံ ပုထိုးတွေ ပေါ် တက်လေ့လာပြီး ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း နဲ့ ကုန်းဘောင် ခေတ် စေတီတွေ တည် ခဲ့လို့ ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံ အဖြစ် ဖြစ်ထွန်း ခဲ့တယ်။
ဒုတိယ ကမ္ဘာစစ် တုန်း က ပုဂံဘုရားတွေ ပေါ် တက်ကြည့် ခဲ့တဲ့ နယ်ချဲ့တွေ ဟာ စစ်ဖြစ်တိုင်း ပုဂံ ကို စစ်မဲ့ဇုံ ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ထူးအိမ်သင်ဟာ ပုဂံဘုရား ပေါ် က နေ ဧရာဝတီ ကို ကြည့်ပြီး ရာဇဝင်များရဲ့ သတို့သမီး ကို မွေးဖွားပေးခဲ့တယ်။
ပုဂံ ဘုရားပေါ်က မြင်ကွင်းတွေဟာ ပန်းချီဆရာတွေ၊အနုပညာရှင်တွေ ဗိသုကာပညာရှင်တွေ၊ ပရဟိတသမားတွေ၊လုပ်ငန်းရှင်တွေ၊နိုင်ငံရေးခေါင်းဆောင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေရဲ့ စိတ်စွမ်းအား ကို ကွန့်မြူးစေဖို့ဓါတ်ကူကြတယ်။
မြန်မာ ကို ကမ္ဘာကျော် စေတဲ့ ဓါတ်ပုံ တွေဟာ ပုဂံဘုရားတွေရဲ့ အထက်ပစ္စယံ တွေ ပေါ် က ရိုက်ခဲ့ကြတယ်။
ပုဂံ ဘုရားတွေ ဟာ သူ့ အုပ်ချပ်တွေပေါ် နင်းတဲ့ လူငယ်တွေ ကို ကြီးမားတဲ့ မျိုးချစ်စိတ် နိုင်ငံချစ်စိတ် အမျိုးဘာသာချစ်စိတ် မှော်စွမ်းအင်တွေ ရိုက်သွင်းပေးနိုင်တဲ့ အားတွေရှိတယ်။
နိုင်ငံခြား သား တွေ ဟာ ပုဂံ ဘုရားတွေကို တက်ကြည့်ပြီး မြန်မာလူမျိုးဟာ မညံ့ခဲ့ကြောင်း၊ အခြေအနေပေးရင် ဆင်းရဲတွင်း က ကုန်းထ နိုင်ကြောင်း လက်ခံသွားကြတယ်။
စေတီပုထိုးတွေ လက်ညှိး ထိုးမလွဲ တည်ရှိကြောင်း ကို စေတီတွေ အပေါ် တက်ပြီး ထိုးကြည့် မှ သိတယ်၊
ပုဂံဘုရားတွေပေါ်က မြင်ရတဲ့ နေဝင်ဆည်းဆာ ဟာ မြန်မာ တမျိုးသားလုံးရဲ့ နေမဝင် စိတ်ဓါတ် အစ ကို မွေးမြူပေးတယ်။
ပုဂံဘုရား တွေ ပေါ်က ပုဂံ မြို့ဟောင်းကြီးရဲ့ မြင်ကွင်းကျယ်ဟာ နိုင်ငံ တည်ဆောက် ရေး ကို ခွန် အားတွေ ပေးတယ်၊ငြိမ်းချမ်းရေးကို အားပေးတယ်၊စီးပွားရေး ကိုအားပေးတယ်၊ လူမှုဆက်ဆံရေးကိုအားပေးတယ်၊ အပျော်တွေပေးတယ်၊ ချစ်ခြင်းမေတ္တာ ကိုပေးတယ်၊
ကုသိုလ်စိတ်ကိုပေးတယ်၊ အကုသိုလ်စိတ်နည်းစေတယ်၊ သံသရာ တိုစေတယ်။
ခံနိုင်ရည်ရှိတဲ့ ပုဂံဘုရားတွေပေါ် အကန့်အသတ်နဲ့ တက်လေ့လာခွင့်ဆိုတာ ကျွန်တော်တို့နိုင်ငံသားတွေအတွက်မွေးရာပါအခွင့်အရေး လို အရေးကြီးပါတယ်။
မျိုးချစ်စိတ်မွေးဖွားရာ ရေသောက်မြစ် ကို မသေဖို့ နည်းမျိုးစုံ နဲ့ ကာကွယ်သင့်ပါတယ်။
အခု ပုဂံ ဘုရားတွေပိတ်တော့မယ်လို့ကြားနေရတယ်.. မြေကုန်းတွေလည်း တည်ဆောက်နေတယ်..
ကျွန်တော် တို့ဟာ research oriented society လည်းဖြစ်မယ်၊ တက်ခွင့်ပြုပေးနိုင် တဲ့ ဘုရားတဆူခြင်းရဲ့ ထမ်းနိုင်ဝန်အား ကို structure engineer က pound par sqft, KG par Sqft/m နဲ့ စနစ်တကျ တွက်ချက်တဲ့အခါ distribution of loads result အရ ဒီဘုရား ဟာ တပေ ပတ်လည် မှာ လူ တဦးရဲ့ average weight ကို မထမ်းနိုင်ဘူး လို့ result ပြရင်.. ရေရှည်တည်တံ့ရေး အတွက် reinforcement ဘယ်လိုပေးမလဲ?
ဘယ် နိုင်ငံရဲ့ technique ယူပြီး ဒီဘုရား ရဲ့ ခံနိုင်ဝန်အား မြှင့်တင်နိုင်မလဲ? ဘယ်လောက်ကုန်ကျမလဲ? ဒီလို နည်းတွေ နဲ့ ပြင်ဆင်သင့်ပါတယ်.. မြေကုန်းပေါ်က ကြည့်တဲ့ ပုဂံမြင်ကွင်းနဲ့ ဘုရားပေါ်က ကူးတဲ့ထုံ အရသာ တခြားစီပါ..
နှစ်ခုလုံးခွင့်ပြုထားသင့်ပါတယ်..
အောက်မှာရုပ်ပွားတော် တွေရှိလို့ တက်ခွင့်မပြုတာ ဆိုရင် ရန်ကုန်တိုက်တွေလည်း တထပ်ပဲဆောက်ခိုင်းကြပေါ့..
လုံးဝ ပြင်လို့မရ ရင် Danger ကပ်ပြီး တက်ခွင့်ပိတ်ရပါမယ်။ engineer အတတ်ပညာဟာ precisely တွက်ချက်နိုင်တဲ့ပညာရပ်ဖြစ်လို 100% မဟုတ်ရင်တောင့်  တက် သင့် မတက်သင့် ... တခါတက်ရင် ဘယ်နှယောက် ဆိုတဲ့ အဖြေနီးနီးစပ်စပ် ထွက်ပါမယ်။
မတက်သင့်ဘူး တက်သင့်တယ် ထင်ရာ ပြောပြီး ပိတ်ပစ်တာ အရပ်သားဆန်ပါတယ်.. နောက်တချက်.. Archeological value ကြီးတယ်၊ antiquities တွေ၊အပွန်းမခံနိုင်တဲ့ ရှေး ပစ္စည်းတွေ လက်တကမ်းအကွာ မှာရှိတယ် ဆိုရင် လက်တန်း နဲ့ တားရပါမယ်၊ မှန်နဲ့ ကာရပါမယ်၊ မရဘူးဆိုရင် တက်ပိုင်ခွင့် ပိတ်ရပါမယ်..
သို့သော် အပေါ်မှာရှိတဲ့ပစ္စည်း ကို အောက်မှာ နည်းမျိုးစုံ သုံးပြီး ပြသ ပေးရပါမယ် .. ပုဂံ ဟာ မြန်မာ့ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ဘာသာရေး ၊ခရီးသွား ရဲ့ selling point ပါ.
ကျွန်တော်တို့ ဈေးရောင်းတတ်ရမယ် တိုင်းပြည်နဲ့လူမျိုးအတွက် ပုဂံ ကို လှလှပပ ထိမ်းသိမ်း ပြီး ကြွားကြွားဝင့်ဝင့် ပြစားတတ်တဲ့ ခေတ် လိုအပ်နေပါတယ်။
ဒီနေရာမှာ မိမိ လူမျိုးရဲ့ မျိုးချစ်စိတ် ကို အပြောက်အမွှန်း တင်ဖို့လညိး ပုဂံ နဲ့ ကိုယ့်လူမျိုးကို ကိုယ် ခေါ်ပြစားတတ်ရပါမယ်။
Acts of God ကို ဘယ်သူမှ မတားနိုင်ဘူး.. လူ က ပြုပြင်ထိမ်းသိမ်း လုပ်နေပါရဲ့ နဲ့ ငလျင် လိုမျိုး မိုးကြီးတာမျိုး Acts of God ကြောင့် ပျက်စီးသွားတာကတော့ ကတော့ သဗ္ဗေသတ္တာပေါ့..ဒီလို တွေ ပြင်ဆင်တိုင်းတာပြီး တက်ခွင့်မပြုတော့ဘူး လို့ ပညာရှင်တွေ ဝိုင်းဆုံးဖြတ် တာ ကို မြန်မာတပြည်လုံး က လိုက်နာကြပါ့မယ်၊
ဒီနေရာမှာ ပုဂံရဲ့ အလှ ဟာ အနည်းဆုံး ပေ ၄၀ အမြင့် က ကြည့်မှ အနှစ်အရသာပေါ်လွင်မှာမို့ ပုဂံ ကိုကြည့်လို့ရမဲ့ stage, platform များပြင်ဆင် ကြည့်ရှု့ခွင့် စီမံပေး သင့်ပါတယ်..လူတိုင်း ပုဂံ ကိုအမြင့်တခုခု က ကြည့်ခွင့်ရှိရပါမယ် ..
ထုတ်ပြန်တဲ့ ဥပဒေ တခု ဟာ firm, risk calculated, precise, applicable ဖြစ် သင့်ပါတယ်..
ပုဂံဘုရားတွေဟာ တခြားနိင်ငံက ခေတ်ပြိုင် အဆောက်အအုံတွေလိုမခိုင်ခန့်ဘူး ဆိုတဲ့ အဓိပ္ပါယ်လည်းမပေးစေချင်ဘူး..
ကျွန်တော်က ပုဂံဘုရားပေါ် တက်ရောက်ခွင့်မပိတ်ဖို့ တောင်းဆိုတဲ့အပြင် ပိတ်ထားတဲ့ တချို့ ဘုရားတွေတောင်ပြန်ဖွင့်ပေးစေချင်ပါကြောင်း... အချက်အလက်ခိုင်လုံတဲ့ အကျိုးအကြောင်းဆီလျှော်မှုခေါင်းစဉ်အောက်မှာ လူတိုင်းသဘောကွဲလွဲခွင့်ရှိပါကြောင်း....
(ကမ္ဘာအရပ်ရပ် က ရှေးဟောင်း စေတီ ပုထိုး၊ဘုရားကျောင်းအမျိုးမျိုး၊ရှေးခေတ်ဘာသာရေးအဆောက်အဦ အမျိုးမျိုး ပေါ် တက် ရိုက်ထားကြတဲ့ ဓါတ်ပုံတွေ တွဲပေးလိုက်တယ်။)
Source: Kyaw Swa Min