BEC-TERO TV

ထိုင်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား သုံးသန်းခန့်ရှိပြီး ရှစ်သောင်းနီးပါးဟာ အထောက်အထားမရှိနိုင်ကြောင်းခန့်မှန်း

07 Jul 2017     1,280 Views


ထိုင်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားသုံးသန်းခန့်အထိရှိမယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီ့ထဲက ရှစ်သောင်းနီးပါးမှာ အထောက်အထားမရှိနိုင်ဘူးလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ဇူလိုင်လ ၅ ရက်က နေပြည်တော်မှာရှိတဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံမှာ လက်ရှိခန့်မှန်းထားချက်တွေအရ မြန်မာနိုင်ငံသား သုံးသန်းခန့် ရောက်ရှိနေပြီး အဲဒီထဲက နှစ်နိုင်ငံတရားဝင်စေလွှတ်မှုအနေနဲ့ လူပေါင်း(၃၃၉၀၀၀)ကျော်ရှိပြီး ထိုင်းနိုင်ငံရောက်မှ တရားဝင်အထောက်အထားထုတ်ပေးထားတဲ့ လူပေါင်း(၁ ဒသမ ၈သန်း) ကျော်ရှိတယ်လို့သိရပါတယ်။ဒါ့ကြောင့်တရားဝင်အထောက်အထားရှိသူပေါင်း( ၂ ဒသမ ၁၉ သန်း)ကျော်ရှိကာ ကျန်သူတွေမှာတော့ အထောက်အထားမရှိနိုင်ဘူးလို့ ခန့်မှန်းထားကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အလားတူ မလေးရှားနိုင်ငံမှာလဲ မြန်မာနိုင်ငံသား(၅သိန်း)ခန့်ရောက်ရှိနေပြီး အဲဒီထဲက (၁၉၇၈၅၃)ယောက်ဟာ နှစ်နိုင်ငံသဘောတူညီမှုအရ တရားဝင်သွားရောက်သူတွေဖြစ်ပြီး ကျန်သူတွေမှာ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်သူတွေလို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၂၃)ရက်က စတင်အသက်ဝင်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ပြည်ပအလုပ်သမား ဥပဒေအသစ်ကြောင့် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ အထာက်အထားမဲ့ မြန်မာလုပ်သားအချို့နေရပ် ပြန်လာခဲ့ရာ ဇွန်လ(၂၈)ရက်မှ ဇူလိုင်လ (၄)ရက်နေ့အထိ တစ်ပတ်အတွင်း မြ၀တီ၊တာချီလိတ်၊ ကော့သောင်း၊ထီးခီး၊မောတောင်နဲ့ဘုရားသုံးဆူ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူပေါင်း(၃၂၆၉၄)ဦး အထိပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။


07 Jul 2017     1,280 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS