တောင်ပြုံးမင်းနှစ်ပါး ဂူပေါ်မှာ အစ္စလာမ်သာသနာ့အလံတွေရှိတဲ့ အကြောင်း လူမှုကွန်ရက်တွင် လူပြောများ
06 Jul 2017 2,234 Views
rလူမှုကွန်ရက်နဲ့လူပြောများနေတဲ့ "တောင်ပြုံးမင်းနှစ်ပါး ဂူပေါ်မှာ အစ္စလာမ်သာသနာ့အလံတွေရှိတဲ့ အကြောင်း
"နဲ့ပတ်သက်ပြီး Min Min Soe အကောင့်က အခုလိုပဲဖော်ပြလိုက်ပါတယ်။
"--- မင်းနှစ်ပါးဂူဖြစ်စဉ် ---
Moe Htet Myint ရှင်းပါ ခဗျားလိမ်တာလား ဂေါပကက လိမ်တာလား ရှင်းပါ
မေ (၂၅)ရက်နေ့ Moe Htet Myint face book acc- မှ တောင်ပြုံးရှိ မင်းနှစ်ပါးဂူကို သူရောက်ရှိခဲ့ကြောင်း၊ ဇေယာရတ်လည်း လုပ်ခဲ့ကြောင်း၊ ဂူတော်ကို အနီရောင်ပိတ်နဲ့ အုပ်ထားကြောင်း၊ တောင်ပြုံးမင်းနှစ်ပါးဖြစ်သည် ဟာရှင်မ်ရှားဟ် (ခ)ရှမ်စွဒ်ဒီးန်နှင့် ကာစင်မ်ရှားဟ် (ခ)ဗဒရ်ရွဒ်ဒီးနန်တို့ရဲ့ ဂူပေါ်မှာ အစ္စလာမ်သာသနာ့အလံတွေရှိတဲ့အကြောင်း- ပုံတွေ videoတွေ တက်လာလို့ ကူးယူပြီး ဆရာတော်အထံ ပြကြည့်ပါတယ်။
ဆရာတော်က ဒီလိုရှိတယ် မကြားမိဘူးကြောင်း၊ သူ့ဘက် ကိုယ့်ဘက် ဘယ်ဘာသာဘက်ကမှ နစ်နာမှု မရှိရလေအောင် အဖြစ်အမှန် သိရအောင် စာရေးချင်ပါတယ် မိန့်ကြားလာလို့ ဆရာအုတ်ကြီး ဆရာချိုတို့နှင့် မနေ့က တောင်ပြုံးသို့ ရောက်ဖြစ်ပါတယ်။မင်းနှစ်ပါးဂူပေါက်ထဲ လှန်းကြည့်တော့ တင်ထားတဲ့အတိုင်း မဟုတ်ပါဘူး၊ ကတ္တီပါအနီအစ အပေါ်မှာ တရုပ်ပြည်မှ စွယ်တော်ဓာတ်ပုံ တင်ထားတာရယ်၊ ငွေရောင် ပန်းအိုးနှစ်အိုးရယ်၊ ပန်ကုံးနှစ်ကုံးရယ်၊ အောက်ဘေးဘက်မှာတော့ ကန်တော့ပွဲ စတီးဇလုံတွေပဲ တွေ့ခဲ့ရပါတယ်။အထဲထိ အသေအချာ ဝင်ပြီး လေ့လာချင်လို့ ဂူပေါက်သော့ ဘုရားရှိ လူကြီးတွေအထံ တောင်းကြည့်အခါ အထက်လူကြီးတွေ အထံမှာတဲ့၊ အထဲမှာ ဘာမှ မရှိပါကြောင်း၊ ဥပုသ်တော်ဆောင်တွင်းမှာတော့ မင်းကြီးမင်းလေး စီးတဲ့ ထမ်းစင်(ဝေါစင်)တွေရှိကြောင်း ပြောပါတယ်။
fb-ပေါ်မှာတွေ့တဲ့ ပုံတွေနဲ့ ပက်သက်ပြီး မေးမြန်းကြည့်တဲ့အခါ --
" ဂူပေါက်သော့က နန်းထိမ်းတွေ ကိုင်းကြောင်း၊ သူ့တို့လူမျိုးစပ်ဖြစ်လို့ ပူဇော်ချင်ကြောင်းစသည့် ပြောကြားပြီး ဂူကို သော့ဖွင့်ကာ သူတို့ဘာသာ သူတို့ ဖန်တီးပြီး ဓာတ်ပုံရိုက်ယူ သွားတာ ဖြစ်နိုင်ကြောင်း၊ အင်တာနက် ဖေ့စ်ဘုတ်ပေါ် တက်လာမှ ဘုရားဂေါပကအဖွဲ့လည်း သိရကြောင်း"စသည်ဖြင့် ဘုရားဝင်းထဲရှိ လူအချို့မှ လျှောက်ထားပါတယ်။ဒီလို ဂူသော့ကို ရအောင်တောင်းနိုင်၊ အစ္စလာမ်အသုံးအဆောင်တွေကို ခင်းကျင်းပြီး ဓာတ်ပုံတွေ ရိုက်နိုင်၊ video ရိုက်နိုင် အင်တာနက်ပေါ်အထိ ရောက်အောင် တင်နိုင်တဲ့ သူတွေကို လေးစားမိပါတယ်။
ဘုရားမှာ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နတ်ထိမ်းဆိုသူတွေကိုတော့ -----------
မြန်မာတွေ သစ္စာမရှိကြလို့ စည်းကမ်းမရှိကြလို့ ထီးနန်းပျောက်ခဲ့ရတာကို အစဉ် သတိပြု မိကြပါစေ။
အရာရာမှာ ဦးဆောင်သမှုပြု၍ မေးမြန်းပေးကြပါသော ဆရာအုတ်နှင့် ဆရာချိုအား ဂါရဝပြုလျက်
မေတ္တာဖြင့် (အရှင်ကွိန် - 4-7-2017) " ဆိုပြီး (၅.၇.၂၀၁၇)က ဓာတ်ပုံနဲ့တကွတင်ထားပါတယ်။
(၆.၇.၂၀၁၇)ယနေ့မနက်မှာတော့ Min Min Soe အကောင့်ပိုင်ရှင်က အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
"ကျွန်တော် ဒီမနက်က ကိုမိုးထက်မြင့်နဲ့ ပန်းသခင်လဘက်ရည်ဆိုင်မှာ သွားရောက်တွေ့ဆုံပြီး တောင်ပြုံးကိစ္စ မေးခဲ့ပါတယ်၊သူပြတဲ့ဓာတ်ပုံတွေ၊ဗွီဒီယိုဖိုင်တွေလည်း ကြည့်ခဲ့ရပါတယ်၊သူကလည်း ရှေ့က သူများတင်ထားတဲ့ ဗွီဒီယိုဖိုင်ကိုတွေ့ပြီး သွားရောက်လေ့လာခဲ့တဲ့သဘောပါပဲ၊ပြသနာက ပန်းရောင်းတဲ့ အမျိုးသမီးတွေကြောင့်ဖြစ်နိုင်ပါတယ်၊သူတို့က ပန်းရောင်းတယ်၊ဧည့်သည်က ဂူတွေထဲ ဝင်လေ့လာချင်တယ်ဆိုရင် သော့ဖွင့်ပေးလိုက်တယ်၊အဲဒီမှာ ဘယ်သူက အစ္စလမ်အထိမ်းအမှတ်တွေ၊အလံတွေ ထားသွား၊ဆင်သွားလဲ မသိပါဘူး။သေချာပေါက်ပြောနိုင်တာကတော့ အစ္စလမ်အထိမ်းအမှတ်အလံတွေ၊ဦးထုပ်တွေ ထားသွားတာက ကိုမိုးထက်မြင့်မဟုတ်ဘူးဆိုတာပါပဲ၊
နန်းထိမ်းအဖွဲ့က တာဝန်ရှိသူတယောက်နဲ့လည်း ဖုန်းပြောဖြစ်ပါတယ်၊သူတို့လည်း အဲဒီအလံတွေ ဘယ်သူထားသွားလဲဆိုတာကို မသိတဲ့သဘောပါပဲ၊နောက်တချက်က အချိန်ကွာဟမှုပါ၊မူလဗွီဒီယိုဖိုင်က ၂၀၁၇ ဧပြီလက တင်ထားတာပါ၊အဲဒီထဲမှာ အလံရှိပါတယ်၊ကိုမိုးထက်မြင့်တို့သွားတဲ့ မေလ ၂၅ရက်ကလည်း အလံရှိပါတယ်၊ဘုန်းဘုန်းဦး Kaweinda သွားခဲ့တဲ့ ဇူလိုင်၎ရက်နေ့တုန်းကတော့ အဲဒါတွေ မရှိတော့ပါဘူး။တကယ်လို့ ရှေးယခင်ကတည်းက အစဉ်အဆက်ရှိခဲ့တာဆိုရင် အခုလို လွယ်လွယ်ကူကူနဲ့ ဖယ်ရှားဖို့ ရမယ်မဟုတ်ဘူးလို့ ကျွန်တော်ကတော့ လူပြိန်းတယောက်ပီပီ ကောက်ချက်ချပါတယ်၊မဟုတ်ဘူးလို့ ငြင်းချင်သူများ ကျွန်တော့်ဖုန်း 09792276253/09952276253ကို အချိန်မရွေးဖုန်းဆက်ပြီးတောင်ပြုံးကို တူတူသွားရောက် လေ့လာနိုင်ပါတယ်၊ပိုက်ဆံကြေးလောင်းချင်ရင်လည်း သူဌေးမဟုတ်လို့ အများကြီးမရှိပါဘူး။သိန်းနှစ်ဆယ်လောက်တော့ ကျွန်တော်စီးနေတဲ့ ဆိုင်ကယ်တွေကိုရောင်းပြီး လောင်းနိုင်ပါတယ်၊အချိန်မရွေးပါ။
ကျွန်တော် အဓိက ပြောနေတာက မင်းကြီး၊မင်းလေးသည် အစ္စလမ်ဘာသာဝင်ဟုတ်မဟုတ် ကျွန်တော် မသိပါ၊ကျွန်တော်သေချာပေါက်ပြောနို်င်တာက ကျွန်တော် သတင်းထောက်စလုပ်ခဲ့တာ ၂၀၁၀ကပါ။အဲဒီကတည်းက တောင်ပြုံးပွဲဆို ရောက်ပါတယ်၊မနှစ်ကထိ နှစ်စဉ်နီးပါးရောက်ပါတယ်၊ကျွန်တော်ရောက်တိုင်း အဲဒီဂူတွေထဲ ဝင်ကြည့်ဖြစ်ပါတယ်၊ပွဲတော်ရက်မှာ အဲဒါတွေကလည်း ဖွင့်ထားပါတယ်၊အဲဒီအစ္စလမ် အလံတွေ၊အထိမ်းအမှတ်တွေ မတွေ့ရပါ။အခုမှ အဲဒါတွေ ရှိတယ်ဆိုလို့ ဒါမဖြစ်နိုင်ဘူးလို့တွေးမိတယ်၊မနေ့တနေ့ကမှ ကိုယ်တိုင်သွားခဲ့တဲ့၊အပိုအလိုလည်း မရေးတဲ့ ဆရာတော်ကလည်း သူ့ဝေါမှာ တင်ထားလို့ ဒါကို ငြင်းနေ၊ပြောနေရတာပဲဖြစ်ပါတယ်၊ဒီအစ္စလမ်အသုံးအဆောင်တွေဟာ တောင်ပြုံးမင်းညီနောင်နှစ်ပါးဂူမှာ ရှေးကတည်းက အစဉ်အဆက်ရှိခဲ့တယ်၊မရှိခဲ့ဘူးဆိုတာကိုပဲ အဓိက ပြောနေတာဖြစ်ပါတယ်၊
ကိုမိုးထက်မြင့်နဲ့ မူလအစက ယနေ့တောင်ပြုံးကိုသွားဖို့ နှစ်ဦးသားသဘောတူထားပေမယ့် မနေ့က ကျွန်တော်တင်လိုက်တဲ့ ပို့စ်ကလည်းအနဲငယ်ပေါက်သွားတာရယ်ကြောင့် တခြားသော မလိုလားအပ်တဲ့ ပြသနာတွေရယ်၊သူ့လုံခြုံရေးကိုလည်း ကျွန်တော်အာမမခံနိုင်တာရယ်ကြောင့် ဒီနေ့ နှစ်ဦးသဘောတူဆုံးဖြတ်ပြီး တောင်ပြုံးကိုမသွားဖြစ်တော့ပါဘူး။အမြင်တူတဲ့ မိတ်ဆွေတွေရော၊အမြင်မတူတဲ့ မိတ်ဆွေတွေရော အားလုံးကို ကျေးဇူးပါ။မတူတဲ့ အမြင်တွေကို ယဉ်ကျေးစွာဆွေးနွေးရှင်းပြတဲ့ ကိုမိုးထက်မြင့်ကိုလည်း ကျေးဇူးတင်ပါတယ်၊ မလိုလားအပ်တဲ့ ပြသနာတွေ ထပ်မဖြစ်ဖို့ကတော့ တောင်ပြုံးနတ်ထိန်းအဖွဲ့ သော့ကို ဘယ်လိုထိန်းသိမ်းလဲ၊မထိန်းသိမ်းလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်" ဆိုပြီး ပြန်လည်ပြောကြားထားပါတယ်။
အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာတော့ အတော်လေး ပြောဆိုနေကြပါတယ်။
Source: Min Min Soe