BEC-TERO TV

J.Me ၏မိခင်ဖြစ်သူ တေးသံရှင်တင်မိုးခိုင် နှလုံးရောဂါဖြင့်ကွယ်လွန်

20 Jun 2017     2,285 Views


တေးသံရှင် ဒါရိုက်တာ အောင်ကိုလတ်၏ ဇနီး၊ တေးသံ ရှင် J-me နှင့် ဒါရိုက်တာ မီရှဲတို့ ၏ မိခင် တေးသံရှင်တင်မိုးခိုင် (ခ) Marie Conway သည် ဇွန်လ ၁၈ ရက်ညက ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်၌ ဆေးကုသ မှုခံယူစဉ် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

အမေက နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နေတာ ၁၅ နှစ် လောက်ရှိပြီပေါ့။ သီချင်းလည်း မဆိုနိုင်တော့ဘူး။ ဆရာဝန်နဲ့ ဖြည်းဖြည်းချင်းပြနေရတာပါ။ နှလုံးချည်းပဲခွဲထားတာ နှစ်ခါရှိပြီ။အမေက မကွယ်လွန်ခင် နှစ်လ ကျော်ကတည်းက ဆေးရုံတက်နေရတာဆိုတော့ အနှေးနဲ့အမြန်ဆိုတာကို မျှော်လင့်ထားတာလည်းရှိ တယ်။ ဆေးရုံမှာပဲ ကွယ်လွန်သွား တာပါ” ဟု ပြောသည်။

တေးသံရှင် ဒါရိုက်တာ အောင်ကိုလတ်နှင့် တင်မိုးခိုင်တို့ သည် ၁၉၇၆ ဇွန်လ ၁ ရက်ကလက်ထပ်ခဲ့ပြီး အိမ်ထောင်သက် (၄၁)နှစ်တွင် ဇနီးဖြစ်သူ ကွယ်လွန်ခဲ့၍ ဒါရိုက်တာအောင်ကိုလတ်က ယခုကဲ့သို့ ပြောသည်။

သူက ဇနီးကောင်း၊ မိခင် ကောင်းလည်းဖြစ်တယ်။ ကျွန် တော် ခရီးထွက်နေချိန်ကာလ နှစ်ပေါင်းများစွာမှာ ကလေးနှစ် ယောက်ကို သူ့ဟာသူ ရှာဖွေ၊ ကျွေးမွေး  ပြုစုစောင့်ရှောက်တဲ့ ဇနီးကောင်းလည်းဖြစ်တော့ ဒါမျိုး ဇနီးက တော်တော်ရှားပါတယ်။ ကျွန်တော် တစ်ပြားမှမပို့တဲ့ ဆယ် နှစ်နီးပါးကို သူ့ဟာသူ ရှာဖွေတယ်။ နေနိုင်အောင်လုပ်တယ်။ ကလေးတွေရဲ့ Education ပိုင်းအပြင် ပဲ့ပြင်ဆုံးမတဲ့နေရာမှာ လည်း သူက သိပ်တော်တယ်။ သူအခုလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ ဆုံးရှုံးမှုက ကြီးတော့ကြီးတာပဲလေ။ ဒါပေမဲ့လည်း သူ ရောဂါဝေဒနာမခံစားရတော့ဘဲ နဲ့ အေးအေးဆေးဆေးသွားရ တယ်ဆိုတော့ ကျေနပ်ပါတယ်” ဟု ပြောသည်။


တေးသံရှင်တင်မိုးခိုင်သည် ရေဒီယိုဓာတ်ပြား အဆိုတော်တစ် ဦးဖြစ်ပြီး ‘ရွှေရင်တံခါး’၊ ‘အချစ်ဘယ်ကစ’၊ ‘ဖူးငုံချစ်ပန်း’၊ ‘အလွမ်းညအချစ်ကဗျာ’ စသည့်သီချင်းများဖြင့် လူသိများအောင်မြင်ခဲ့ သလို မြန်မာ့ရုပ်သံ အသံလွှင့် ဌာနအင်္ဂလိပ်ပိုင်းအစီအစဉ်တွင် ဌာန မှူးအဖြစ် နှစ်ပေါင်း ၃၀ ခန့် လုပ်ကိုင်ခဲ့သည်။

တေးသံရှင်တင်မိုးခိုင် ဈာပနကို ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်လမ်းမနှင့် မပို လမ်းထောင့်ရှိ Fatima Church (မြေနီကုန်း)၌ ဝတ်ပြုကိုးကွယ်ပြီး နောက် နံနက် ၁၁ နာရီတွင် ရေ ဝေးသုသာန်သို့ ပို့ဆောင်ဂူသွင်း မည်ဖြစ်သည်။

7DayDaily


20 Jun 2017     2,285 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS