၁၉ လွှာကခုန်ချခဲ့တဲ့ အိမ်အကူမိန်းကလေး မဇင်မာဦးရဲ့ ဆွေမျိုးများနှင့် အဆက်အသွယ်ရရှိ
15 Jun 2017 1,359 Views
ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံတွင် ၁၉ လွှာအမြင့်တိုက်ပေါ်က ခုန်ချကာ အဆုံးစီရင်ခဲ့သော မဇင်မာဦး၏ ဆွေမျိုးများနှင့် အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။
မဇင်မာဦးသည် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာတွင် နေထိုင်သော ရခိုင်တိုင်းရင်းသား မျိုးနွယ်စု(၇)မျိုးထဲမှ ဗုဒ္ဓဘာသာဝင် မြိုအမျိုးသမီးတစ်ဦးဖြစ်သည်။
တစ်ဦးတည်းသော သမီးဖြစ်ကာ ငယ်စဉ်ကထဲက မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖခင်မှာလည်း နောက်အိမ်ထောင်ပြုခဲ့သဖြင့် အဖိုးအဖွားတို့ဖြင့်သာ ကြီးပြင်းခဲ့ရသော မိန်းကလေးဖြစ်သည်။ အတန်းပညာ ၉ တန်းထိသာ သင်ယူခဲ့ရပြီး ဆင်းရဲနွမ်းပါလွန်းသဖြင့် အဖိုးအဖွားတို့ကို ပြန်လည်ပြုစု လုပ်ကိုင်ကျွေးမွေးလိုသော ဆန္ဒဖြင့် ရွာရှိအဆက်အသွယ်မှတစ်ဆင့် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူသို့ရောက်ရှိချိန်တွင် ဘာသာစကား၊ လူနေမှုစရိုက် လုံးဝကွဲပြားခြင်း၊ လုပ်ငန်းအတွေ့အကြုံနည်းပါးခြင်းတို့ကြောင့် နေ့စဉ်ရင်ဆိုင်ရသော အခက်အခဲများနှင့် အိမ်ကိုလွမ်းဆွတ်သတိရခြင်းတို့ပေါင်းစုံကာ စိတ်ဖိစီးသောကများ၏ ဒဏ်ကိုမခံနိုင်သည့်အဆုံး တိုက်ပေါ်မှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း ဖြစ်ဟန်တူသည်ဟု အများက ကောက်ချက်ချထားသည်။
မဇင်မာဦး၏ အဖိုးဖြစ်သူ ဦးမောင်ကျော် မှာ အသက် ၇၈ နှစ်နှင့် အဖွားဖြစ်သူ ဒေါ်သန္တာခိုင် မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆင်းရဲနွမ်းပါးစွာနှင့် တောင်ယာလုပ်ကိုင်ကာ အသေက်မွေးနေကြငူများဖြစ်သည်။
အဖိုးအဖွားကို ပြုစုလုပ်ကျွေးလိုစိတ် ပြင်းပြလွန်းသော မဇင်မာဦးက သူ၏အခင်ဆုံး သူငယ်ချင်းဟု ပြောထားသည့် အင်ဒိုနီးရှားအမျိုးသမီးကို ပေးခဲ့သော သူမ၏ ဒိုင်ယာရီစာအုပ်ထဲတွင် အဖိုးအဖွားကို ပြန်လည်ပြုစုစောင့်ရှောက်နိုင်တဲ့ မြေးလိမ်မာလေး ဖြစ်ပါရစေလို့ ဆုတောင်းတာတွေ့ရပါတယ်။ မဇင်မာဦးတစ်ယောက် ကွယ်လွန်ချိန်တွင် အသက်(၂၁)သာ ရှိသေးသည်။
မဇင်မာဦး၏ ကျန်ရစ်ခဲ့သော အဖိုးနှင့်အဖွားအား ကူညီထောက်ပံ့ရန် စင်ကာပူနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းက အလှူငွေများ ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိသည်။