Facebook Friend ကို အပြင်မှာ ချိန်းတွေ့ပြီးနာရီပိုင်းအတွင်း အဓ္ဓမပြုကျင့်သူ ထောင်ဒဏ်ကျခံရ
14 Jun 2017 1,337 Views
Facebook တွင်မိတ်ဆွေဖြစ်ခဲ့သူ မလေးရှားနိုင်ငံသား အမျိုးသမီးတစ်ဦးကို အပြင်မှာ ချိန်တွေ့ပြီး နာရီပိုင်းအတွင်း မုဒိန်းကျင့်ခဲ့သည့် လက်ရှိတွင် အလုပ်အကိုင်မရှိသော စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၄ နှစ်နှင့် ကြိမ်ဒဏ် ၂၂ ချက်ကျခံစေရန် ဇွန်လ ၁၃ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
အသက် ၂၆ နှစ်အရွယ် Yap Jun Cheng ဆိုသူအမျိုးသားက Facebook မှ မိတ်ဆွေဖြစ်ခဲ့သူ အသက် ၂၀ အရွယ် အမျိုးသမီးကို Tampines ရပ်ကွက်ရှိ သူ၏နေအိမ်တွင် ကျူးလွန်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံဖြောင့်ချက်ပေးခဲ့သည်။ အဆိုပါ အမှုနှင့် ဆက်စက်ပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သော အခြားအမှုပေါင်း ၁၂ ခုနှင့် တရားရုံးသုံးခုတွင် တရားရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ဖြစ်အပျက်၏ အစမှာ ၂၀၁၁ ခုနှစ်တွင် စင်ကာပူနိုင်ငံသား Yap က Facebook မှတစ်ဆင့် သူမထံ Friend Request ပို့ခဲ့ပြီး Facebook မိတ်ဆွေများဖြစ်ခဲ့ကြသည်။ Facebook တွင် အပြန်အလှန် စကားပြောရုံမှ အပြင်တွင် တစ်ခါမှ လူချင်းမတွေ့ဘူးကြပါ။
၂၀၁၃ ခုနှစ်တွင် မလေးရှားအမျိုးသမီးက စင်ကာပူတွင် အလုပ်လာရှာရန် ဆုံးဖြတ်ခဲ့သည်၊ သို့သော် စင်ကာပူကို မကျွမ်းကျင်သဖြင့် Facebook မိတ်ဆွေဖြစ်သူ စင်ကာပူနိုင်ငံသား Yap ကို ဆက်သွယ်၍ အကူအညီတောင်းခဲ့သည်။ Yap ကလည်း လာခဲ့ပါ ကူညီမည်ဟု ပြန်ပြောခဲ့သဖြင့် သူမ စင်ကာပူသို့ ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့က ရောက်ရှိလာခဲ့ပြီး Paya Leber ရထားဘူတာရုံတွင် စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန်က Yap သည် စစ်မှုထမ်းနေရသည့်ကာလဖြစ်လို့ စစ်ဝတ်စုံဖြင့် ဘူတာမှာ သူမကိုလာတွေ့ခဲ့သည်။ ထို့နောက် အဝတ်အစားလဲဖို့လိုသည်ဟု ဆိုကာ သူမကိုပါ ခေါ်လျှက် သူ၏နေအိမ်သို့ သွားခဲ့ကြသည်။
နေအိမ်တွင် သူ၏အဖွားဖြစ်သူ ရှိနေခဲ့သည်။ အိမ်ရောက်ပြီး သိပ်မကာခင်မှာ Yap က အမျိုးသမီးကို သူ၏အိပ်ခန်းတွင်းဆွဲသွင်းကာ တံခါးကို သော့ပိတ်လျှက် သူမကို သဘောကျကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် သူမ၏လက်ရှိ ရည်းစားကို အဆက်ဖြတ်ရန်နှင့် သူက ထောက်ပံ့မည်ဖြစ်ကြောင်း နားချခဲ့သည်။
သူမက အခန်းပြင်သို့ ထွက်ပြေးရန် ကြိုးစားပြီး တံခါးလက်ကိုင်ဘုအား ဆွဲထားသော်လည်း ခွန်အားသုံးပြီး ပြန်ဆွဲထားခံရသဖြင့် တံခါးလက်ကိုင်ဘု ပျက်ဆီးသွားပြီး လုံးဝဖွင့်မရတော့ပေ။ သူမက အပြင်မှာရှိနေသော Yap ၏ အဖွားကို အော်ဟစ်အကူညီတောင်းပေမယ့် ဘာမှတုံ့ပြန်မှုမရခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
တရားရုံး၏ မှတ်တမ်းများတွင် ယခုအခါ အသက် ၇၆ နှစ်ရှိပြီဖြစ်သော Yap ၏ အဖွားက ဘာကြောင့် လာရောက်မကယ်ခဲ့သလဲဆိုတာကို ဖော်ပြထားခြင်းမရှိပါ။
Yap က အမျိုးသမီးကို အဓ္ဓမမပြုကျင့်မီ လိင်ပိုင်းဆိုင်ရာ ပွတ်သတ်မှုများ ပြုနေခဲ့ပြီး ရုတ်တရက် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အဲသည်နောက်မှာတော့ အဓ္ဓမပြုကျင့်ခဲ့သည်။ ထိုနောက် အခန်းတံခါးကို အင်္ကျီချိပ်ဖြင့် ကော်ဖွင့်ခဲ့သည်။ အပြင်ဘက်တွင် အဖွားကြီးကို တွေ့သော်လည်း အမျိုးသမီးမှာ ကြောက်လွန်သဖြင့် ထပ်မံ၍ အကူအညီမတောင်းတော့ပေ။
သိပ်မကြာမီမှာ Yap ၏ အဖွားက အပြင်သို့ ထွက်သွားပြီး သူတို့နှစ်ဦးတည်း ကျန်နေခဲ့သည်။ အမျိုးသမီးကို အောက်ပိုင်းအဝတ်အစား ဝတ်ခွင့်မပြုပဲ ဗိုက်ဆာတယ်ဟု ဆိုကာ အောက်ပိုင်းဗလာနဲ့ ချက်ပြုတ်စေခိုင်းခဲ့သည်။
ထို့နောက် ဧည့်ခန်းထဲတွင် နောက်ထပ်တစ်ကြိမ် အဓ္ဓမပြုကျင့်ခဲ့ပြီးနောက် နှစ်ယောက်သား အိမ်က ထွက်လာခဲ့ပြီး Boon Lay ဘူတာအရောက်တွင် လမ်းခွဲခဲ့ကြသည်။
အမျိုးသမီးက မလေးရှားပြန်သွားခဲ့သည်။ သူမ၏ အမူအယာပျက်နေသည်ကို သတိထားမိသော ယောင်းမဖြစ်သူက မသင်္ကာသဖြင့် မေးမြန်ရာမှ သိရှိသွားခဲ့ပြီး နောက်တစ်နေ့တွင် စင်ကာပူသို့ ပြန်လာကာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ကြသည်။
အမှုကို သုံးနှစ်ကျော်ကြာ စုံစမ်းစစ်ဆေး တရားစွဲဆိုမှုများ ပြုလုပ်နေခဲ့ပြီး ပြစ်မှုများအားလုံးအတွက် စင်ကာပူနိုင်ငံသား Yap Jun Cheng မှာ ထောင်ဒဏ် ၂၀ နှစ်အထက်၊ ငွေဒဏ်နှင့် ကြိမ်ဒဏ်များပါ ကျခံဖွယ်ရာရှိကြောင်း စင်ကာပူသတင်းစာတွင် ဖော်ပြထားသည်။