BEC-TERO TV

ကျောင်းဝင်းအတွင်း၌ ကျောင်းသားအချင်းချင်း အုပ်စုလိုက်ရန်ပွဲဖြစ်ပွား

14 Jun 2017     1,542 Views


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ဇွန် ၁၃ ရက် နံနက်ပိုင်းက ရွှေကျင် အ.ထ.က ကျောင်းဝင်းအတွင်း၌ ကျောင်းသားအချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အုပ်စုလိုက် ရန်ဖြစ်ခဲ့ကြပြီး ကျောင်းသား ၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

“အပြန်အလှန် ထိုးကြကြိတ်ကြ ရန်ဖြစ်ကြတာပေါ့၊ ဒဏ်ရာရတာ ကလေး လေးယောက်ဗျ၊ ဟိုဘက်တစ်ဖက်က ချစ်ကောင်းတစ်ယောက်က ခေါင်းပေါက်တယ်ပေါ့နော်၊ သူကတော့ ဆေးရုံတော့ မတက်ရပါဘူး၊ ကျန်တာတွေကတော့ ထိုးသွင်းဒဏ်ရာလေးတွေချည်းပဲဗျ၊ အပေါ်ယံပါပဲ၊ ကလေးဆိုတော့ ကြောက်ကန် ကန် ထိုးလိုက်တာပါ၊ မောင်းချဓါးနဲ့၊ အခုလက်ရှိ သုံးယောက်ကတော့ ဆေးရုံမှာ ရှိပါတယ်၊ ဒါပေမယ့်လို့ စိုးရိမ်ရတဲ့ အနေအထား ဘာမှမရှိပါဘူး၊ သူတို့က ကျောင်းသားလည်းဖြစ်တယ် ဓါးဒဏ်ရာဆိုတော့ မြန်မြန်ပျောက်အောင်ပေါ့၊ ဆေးရုံကလည်း တက်ထားပေးတာပေါ့၊ အဲ့လိုလည်းဖြစ်ပြီးရော မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးရယ်၊ ကျောင်းသားမိဘတွေရယ်၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရယ် ကျောင်းမှာအစည်းအဝေး ထိုင်ကြတယ်၊ အစည်းအဝေးထိုင်ပြီး ကျောင်းသားတွေရဲ့ပညာရေးကို ရှေးရှုပြီးတော့ ရတဲ့ဒဏ်ရာတွေကလည်း အသက်အန္တရယ် စိုးရိမ်စရာ မရှိတော့ အမှုမဖွင့်လိုဘူးပေါ့၊ ကျောင်းရဲ့စည်းကမ်းအရ အပြစ်ပေးတာကိုပဲ ခံယူပါ့မယ်ဆိုပြီးတော့ အဲ့လိုပဲ ဆုံးဖြတ်ကြတယ်” ဟု ရွှေကျင်မြို့မ ယာယီစခန်းမှူး ရဲအုပ် အောင်ဇော်မင်းက ပြောကြားသည်။



ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ရွှေကျင်မြို့ ဂန့်ဂေါဝိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ အ.ထ.က ကျောင်းလမ်းပေါ်တွင် ရွှေကျင် အ.ထ.က ကျောင်းမှ ကျောင်းဆင်း၍ ပြန်လာသော မောင်ရန်နိုင်စိုး ၁၆ နှစ်(ဘ)ဦးထွေးကြည် ၉ တန်း(F) ခန်း ညောင်ဝိုင်း ရပ်ကွက်၊ရွှေကျင်မြို့နေသူမှာ ဆိုင်ကယ်အား ဘရိတ်နင်း၍ ရပ်လိုက်ရာ အသံကျယ်သွားသဖြင့် အနီးတွင်ရှိနေသော မောင်ချစ်ကောင်း ၁၇ နှစ်(ဘ)ဦးဝင်းထွန်း၊ ၉ တန်း(B) ခန်း၊အင်္ဂနီကျေးရွာ ရွှေကျင်မြို့နေသူပါ ကျောင်းသား ၁၀ ဦးခန့် အဖွဲ့တို့က လှမ်းဆဲခဲ့ကြရာမှ စကားများရန်ဖြစ်ကြပြီး မောင်ရန်နိုင်စိုးမှာ ထိုးကြိတ်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားပြီးနောက်နေ့ ဇွန် ၁၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မောင်ရန်နိုင်စိုးမှာ ကျောင်းတက်ရန် ရောက်ရှိနေပြီး အ.ထ.က ရွှေကျင်ကျောင်းဝန်းအတွင်း ၉ တန်း(F) အခန်းရှေ့၌ ထိုင်နေခဲ့ကြောင်း၊ အခန်းရှေ့တွင်ထိုင်နေစဉ် ကျောင်းရှေ့ပေါက်မှ ကျောင်းတက်ရန်ရောက်လာသော ချစ်ကောင်းပါ ၁၀ ဦးခန့် အဖွဲ့တို့ ၀င်လာသည်ကိုတွေ့ခဲ့ပြီး ရန်နိုင်စိုးမှ ကျောင်းဆောင်အတွင်းမှ အရှည် ၃ ပေခွဲခန့် ၊ လုံးပတ် နှစ်လက်မခန့်ရှိသည့် ၀ါးလုံးပိုင်းဖြင့် ရိုက်ရန်ထွက်သွားခဲ့ကြောင်း၊ ရန်နိုင်စိုးထွက်သွားပြီး ကျောင်းဝင်းထဲရှိ ဘိုးရာဇာအဆောင်နှင့် နတ်သျှင်နောင် အဆောင်ကြား သို့အရောက် ချစ်ကောင်းပါအဖွဲ့အား တွေ့ရှိကာ ၀ါးလုံးပိုင်းဖြင့်ရိုက်ရန် ကြိုးစားခဲ့ကြောင်း၊ ရန်နိုင်စိုးမှ ၀ါးလုံးဖြင့်ရိုက်ရန်ပြုစဉ် ချစ်ကောင်း ပါ ၁၀ ဦးအဖွဲ့တွင် ပါဝင်သူ မောင်ကျော်ထက်လင်း ၁၇ နှစ်(ဘ) ဦးဝင်းကျော်ကျော် ၉ တန်း(D)ခန်း အင်္ဂနီကျေးရွာနေ ကျောင်းသားမှ အသင့်ပါလာသော အရိုးအသွား ၉ လက်မခန့်ရှိသည့်မောင်းချဓါး၊ ဓါးဦးချွန်ဖြင့် ထိုးမည်ဟန် ပြင်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားစဉ် ရန်နိုင်စိုး၏ သူငယ်ချင်းများဖြစ်သည့် မျိုးကိုဦး ၁၇ နှစ်(ဘ)ဦးထိန်ဝင်း ၁၀ တန်း(D) ညောင်ဝိုင်းရပ်ကွက်နေသူပါ ၇ ဦးခန့် တို့က ၀င်ရောက်ဖြန်ဖြေရာမှ အုပ်စုလိုက် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မြို့မ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

Writer:ဇော်ဝင်းချစ်(တောင်ငူ)

Source: http://news-eleven.com/local/38101


14 Jun 2017     1,542 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS