BEC-TERO TV

ပြီးခဲ့ဘဏ္ဍာနှစ်အထိ ကောက်ခံရန်ကျန်ရှိတဲ့ ရွှေကြွေးကျန် ၁၄၅၀၀ ကျပ် သားကျော်ရှိ

09 Jun 2017     1,279 Views


နှစ်အဆက်ဆက်ကနေပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်ကုန်အထိ ကောက်ခံရန်ကျန်ရှိတဲ့ ရွှေကြွေးကျန်ဟာ ၁၄၅၀၀ ကျပ်သားကျော်အထိရှိတယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန က သိရပါတယ်။ ကောက်ခံရန်ကျန်ရှိတဲ့ရွှေကြွေးကျန်တွေနဲ့ပတ်သက်ပြီး မေလ ၃၁ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးမှာ ကရင်ပြည်နယ်လှိုင်းဘွဲ့ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက နိုင်ငံရဲ့ဝင်ငွေအဖြစ် အားထားနေရတဲ့ မြေအောက်သယံဇာတများထုတ်ယူရရှိမှုအခြေအနေနဲ့ နိုင်ငံတော်ကနှစ်စဉ်ရရှိနေတဲ့ ၀င်ငွေအခြေအနေ များနဲ့ပတ်သက်ပြီး ဘဏ္ဍာနှစ်(၃)နှစ်ရဲ့ အခြေအနေတွေကိုမေးမြန်းစဉ် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့တာပါ။

အမှတ်(၂)သတ္ထုတွင်းဝန်ကြီးဌာနအနေနဲ့ နှစ်အဆက်ဆက်ကောက်ခံရန်ကျန်ရှိတဲ့ ရွှေကြွေးကျန်တွေရရှိရေး ရှင်းလင်းကောက်ခံဆောင်ရွက်ခဲ့ရာ လွန်ခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ပေးသွင်းဖို့ ကျန်ရှိတဲ့ ရွှေကြွေးကျန် ၁၇၃၇၉ ကျပ်သားထဲက ၂၈၅၈ ကျပ်သားကို ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လက်ရှိဘဏ္ဍာနှစ်မှာ တော့ ရွှေစင် ၁၄၅၂၁ ကျပ်သားသာကောက်ခံရန်ကျန်ရှိတော့တာဖြစ်ပြီး အဲဒီထဲကပေးသွင်းဖို့ တာဝန်မရှိတဲ့ ရွှေကြွေးကျန်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြပြီး စာရင်းပယ်ဖျက်တာတွေ၊ ပေးသွင်းဖို့ကျန်တာတွေကို ကောက်ခံတာတွေ၊ပေးသွင်းခြင်းမရှိတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုတာတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အကုန်ကောက်ခံရန် ကျန်ရှိတဲ့ကြွေးကျန်တွေထဲမှာ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေနဲ့ကျောက်စိမ်းကျောက်မျက်တွေနဲ့ပတ်သက်ပြီး ကောက်ခံရန်ကြွေးကျန်မရှိတော့ဘူးလို့သိရပါတယ်။


09 Jun 2017     1,279 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS