ဆေးဖက်ဝင်မြန်မာ့သနပ်ခါးအကြောင်း
26 May 2017 4,763 Views
သနပ်ခါး လူးလေ့ရှိတဲ့ သူအများစု ဆီက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေ ရတာတွေကတော့ " မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ " "မြန်မာ မိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြ တယ် " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါး လူးထားရင် လူကလန်းဆန်းတယ် " " သနပ်ခါး နံ့က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၏ သနပ်ခါးအမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည် ကြီးတွေ ပါ။
တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကတောင် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လို အသားမည်းမည်း ဝါဝါညက်ညက်ဖြူူ” ဆိုပြီးတော့ ရေးဖွဲ့ခဲ့ပါသေးတယ်။ မှန်ပါတယ်။ တချို့ဆိုလျှင် မွေးတုန်း က တော်တော်လေး အသားမဲခဲ့သော်လည်း၊ သနပ်ခါး အ နှစ်သားတုံးကို ရေအနည်း ငယ်ဖြင့် ကျောက်ပြင်ပေါ်သွေး၍ ရလာတဲ့ မပျစ်မကျဲ သနပ်ခါး ရည်ဖြင့် နေ့ စဉ်နေ့တိုင်း ခြေဆုံး ခေါင်းဆုံး လိမ်းခဲ့ တာကြောင့် အသားရေဟာ သနပ်ခါးရောင်လို ဝါဝါ ဝင်းဝင်းလေး ဖြစ်လာခဲ့ ပါတယ်ဆိုတဲ့ သာဓက များစွာလည်း ရှိခဲ့ တာကြောင့် သနပ်ခါး ဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်း တစ်မျိုးဘဲ ဖြစ်ပါတယ်။
ရှေးမြန်မာ အညာ ကျေးလက် တောသူလေး များရဲ့ ဓလေ့ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူ ကာ နဖူးပေါ်ကို တင်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ညာဘက်ပါးပေါ် တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ် တင်ကာ သံဃံ သရ ဏံဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက် တတ်ကြ ပါတယ်။ အဘိုးအဘွားများ လက်ထက်တုန်းက ကလေးငယ်များ ကို သနပ်ခါး လိမ်းပေးတိုင်း ပါးစပ်ထဲကို သနပ်ခါး အနည်းငယ် ခွန့်ပေးလေ့ ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးကျွေးခြင်းဖြင့် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူ ကိုပါ ငြိမ်းစေပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရှိ သုတေသီတစ်စုဟာ သနပ်ခါး အခေါက်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ် လေ့လာခဲ့ကြ ရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့့်ကျင် ပစ္စည်းတစ်မျိုး ပါဝင်သလို၊ အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်များ အပြင် ဘက်တီးရီးယား တွေကို သေစေတဲ့ ဓာတ်နဲ့ အရေပြား အရောင်ကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်တွေလည်း ပါဝင်နေ တာကို တွေ့ရှိခဲ့ ကြပါတယ်တဲ့။ သနပ်ခါးက နေပူ ဒဏ်အပြင် နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ် ထားနိုင် တယ်လို့ အရေပြား အထူးကု ဆရာဝန်ကြီး များကလည်း အကြံပြု ပြောကြား ခဲ့ပါတယ်။
ယနေ့အလှကုန်ဈေးကွက်ထဲမှာ သဘာ၀ သနပ်ခါး အတုံး စစ်စစ်များ ရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုနိုင် ဖို့အတွက် ကြိတ် ပြီးသား အသင့်သုံး သနပ်ခါးတွေကို တာရှည် ခံအောင်ပြုလုပ်၍ သနပ်ခါး အရည်၊ အနှစ် စသဖြင့် ဗူးတွေ ပုလင်းတွေဖြင့် အလွယ် တကူ ဝယ်ယူ ရရှိနိုင် ပါတယ်။ ၎င်းအသင့် သုံး သနပ်ခါး ဗူးနှင့် ပုလင်းတွေမှာတော့ တာရှည်ခံစေဖို့နဲ့တခြား အမွှေး အနံ့ပစ္စည်းတွေ ပါဝင်နေ တာမို့ လူတချို့မှာ ဓာတ်မတည့် မှုတွေဖြစ်စေ နိုင်ပါတယ်။ သို့သော် ဈေးကွက်ထဲမှာ စံချိန် စံနှုန်းပြည့် အသိအမှတ်ပြု သနပ်ခါးဗူး၊ ပုလင်းတွေ ရှိကြရာ မိမိ အသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်း သနပ်ခါးဗူးတွေကို ရွေးချယ် အသုံးပြုတတ်ပါ စေ။ သနပ်ခါး ပါးကွက်ကြားလေးဟာ မြန်မာ မိန်းကလေးတွေရဲ့ မူပိုင်လေး ပါ။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း သနပ်ခါး ဆိုတာ Myanmar Traditional Make-Up အဖြစ် လက်ခံ ထားကြ တာကိုတော့ စိုးစဉ်းမျှ ယုံမှား သံသယ ဖြစ်ဖွယ် မရှိနိုင်ပေ။