BEC-TERO TV

တာမွေတွင် ဓားကိုင်ရမ်းကားသူကို သေနတ်ပစ်ဖမ်းဆီး

23 May 2017     1,296 Views


မေလ ၂၁ ရက် ည ၁၁ နာရီက တာမွေမြို့နယ် သမိန်ဗရမ်းလမ်းရှိ ငါးလွှာတိုက်ခန်း တစ်ခန်းတွင် ဓားကိုင်ရမ်းကားနေသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ပန့်အက်ရှင် သေနတ်ဖြင့် ၂ ချက်ပစ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ နေအိမ်တိုက်ခန်း အ၀င်တံခါးကို သော့ခတ်ပြီး အတွင်းမှာ ဆူပူသောင်းကြားနေသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက် ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့ဝင်များကို ရေနွေးပူ ၊ အရက်ပြန်တို့နဲ့ ပက်ခြင်း ၊ သံပိုက်လုံးများဖြင့် ပစ်ပေါက်ရန်ပြုခဲ့တယ်လို့ အမှုဖွင့် တိုင်ကြားချက်အရ သိရပါတယ်။

“မူးပြီးရမ်းကားနေတဲ့ သူ့ကို အသာတကြည်အဖမ်းခံဖို့ ပြောပေမယ့် လက်မခံဘဲ ရန်ပြုတိုက်ခိုက်တယ်။ ဓားကို ပြေးဆွဲပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခုတ်မယ် ပြင်နေတာကြောင့် သေနတ်နဲ့ ၂ ချက်ပစ်ပြီး ဖမ်းဆီးခဲ့ရတယ်။ ဒါတောင် သူက ထပ်ရန်ပြုနေတာကြောင့် တပ်ဖွဲ့ဝင်တွေက ဒိုင်းအကာအကွယ်တွေနဲ့ သူ့အနားရောက်အောင် ကပ်ပြီး လုံးထွေး ဖမ်းဆီးခဲ့ရတယ်” လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက The Voice သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဓားကိုင်ရမ်းကားသူမှာ ပေါက်ပြဲဒဏ်ရာ ၊ ညာမျက်ခုံးနဲ့ ခြေထောက်တို့မှ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး လုံးထွေးဖမ်းဆီးခဲ့တဲ့ ရဲတပ်ကြပ်မှာလဲ နှာခေါင်းရိုး ပွန်းပဲဒဏ်ရာ ရခဲ့ပါတယ်။ ဖမ်းဆီးခံရသူကို တာမွေမြို့နယ် ရဲစခန်းက (ပ) ၃၃၉/၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၃၂၊ (ပ) ၃၄၀/၁၇ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(က) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ The Voice သတင်းမှာ ဖော်ပြထားပါတယ်။

Source : The Voice


23 May 2017     1,296 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS