BEC-TERO TV

ကျောင်းထိုင်ဆရာတော်ကြီးအားရိုက်နှက်ကာငွေနှင့်ဘဏ်စာအုပ်လုယူ

19 May 2017     1,332 Views


ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သော ညောင်ဦးမြို့ ငှက်ပစ်တောင်ဘုရားသို့သွားရာလမ်းဘေးရှိ ဆဗ္ဗဒေါဘုရားအနီးက ဆဗ္ဗဒေါကျောင်းထိုင်ဆရာတော်ကြီးဘွဲ့အမည် " ဦးပညာဝံသ "၊ သက်တော် (၇၀) နှစ် အား လူငယ် (၂) ဦးမှ ရိုက်နှက်၍ ငွေသားများနှင့် ဘဏ်စာအုပ်ကို လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာကျောင်းထိုင်ဆရာတော်ကြီးသည် တစ်ပါးတည်းသီတင်သုံး နေထိုင်သူဖြစ်ပြီး၊ (၁၇.၅.၂၀၁၇) ရက်နေ့၊ ည(၈) နာရီ အချိန်ခန့်တွင် တံခါးဖွင့်သံကြားရသဖြင့် ဆရာတော်ကြီးမှ သွားရောက်ကြည့်ရှု့ခဲ့ရာ အမည်မသိ လူငယ်(၂)ဦးသည် ဆရာတော်ကြီး သီတင်းသုံးနေထိုင်သော ကျောင်းဆောင်သို့ ရောက်ရှိလာခဲ့ပြီး " တပည့်တော်တို့ကို ငှက်ပစ်တောင်ကျောင်းက လက်မခံ၍ ရောက်လာရပါသည်ဘုရား၊ အန္တရာယ်ကြုံလာသောကြောင့် ခဏနေခွင့်ပြုပါဘုရား " ဟု ထိုလူငယ်နှစ်ဦးမှ ဆိုကာ ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်လာကြပါတယ်။

ပြီးနောက် ဆရာတော်ကြီးနှင့် စကားထိုင်ပြောနေစဉ် လူငယ်နှစ်ဦးအနက် တစ်ဦးမှ " ငါလုပ်လိုက်တော့မယ် " ဟု ပြောဆိုရာ ဆရာတော်မှ ၎င်းတို့နှစ်ဦးအချင်းချင်း အခြားသောကိစ္စရပ်များ ပြောဆိုနေသည်ဟု ထင်မှတ်နေစဉ် ချက်ချင်းဆိုသလို ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှ ဆရာတော်ကြီးအား ချုပ်နှောင်ကာ ကျန်တစ်ယောက်မှ အုပ်နီခဲဖြင့် ဆရာတော်ကြီး၏ ဦးခေါင်းတော်အားရက်စက်ကြမ်းကြုတ်စွာဖြင့် ရိုက်နှက်ခဲ့ပြီး၊ ဆရာတော်ကြီးထံမှ ငွေသား ကျပ်သိန်း ၄၀ (ခန့်မှန်း) နှင့် ဘဏ်စာအုပ်တို့ကို လုယူထွက်ပြေးသွားကြသည့်အပြင် ဒဏ်ရာများရရှိခဲ့သော ဆရာတော်ကြီးအား လက်ပြန်ကြိုးတုပ်၍ ထားရှိခဲ့ကြောင်း သိရှိရပါတယ်။

အခင်းဖြစ်ပွားပြီး နောက်နေ့ဖြစ်သော (၁၈.၅.၂၀၁၇) ရက်နေ့၊ နံနက် (၇) နာရီအချိန်ခန့်တွင် ဆရာတော်ကြီးထံ ဆွမ်းကပ်လေ့ရှိသော ဒကာမတစ်ဦးသည် ဆွမ်းကပ်လှူရန်အတွက် ကျောင်းဆောင်သို့ ရောက်ရှိလာချိန်တွင် ဒဏ်များများရရှိထားပြီး လက်ပြန်ကြိုးတုပ်လျှက်အနေအထားဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဆရာတော်ကြီးအား တွေ့ရှိပြီးနောက် နီးစပ်ရာလူပုဂ္ဂိုလ်များနှင့် " မြင့်မြတ်သူ " လူနာတင်ယာဉ်ကို ချက်ချင်းအကူအညီတောင်းခံပြီးနောက် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီး သို့ ဆရာတော်ကြီးကို ပင့်ဆောင်ကာ အရေးပေါ်ဆေးသမှုခံယူခဲ့ရကြောင်း သိရှိရသည်။ ဆရာတော်ကြီး၏ လက်ရှိအခြေအနေမှာ (စိုးရိမ်နေရဆဲ) ဖြစ်ပြီး၊ မကြာခဏ သတိလစ်လျက်ရှိနေပြီးပြစ်မှုကျူးလွန်သူ တရားခံ (၂) ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းသိရှိရသည်။

 


19 May 2017     1,332 Views




RELATED

Most Popular of Special or Others

Most Popular of NEWS