ကိုရင်သုံးပါးကိုခေါ်ယူကာ ဓာတ်ပုံရိုက်ရန်အတွက် ဘောလုံးကန်စေသဖြင့် တရားစွဲ
17 May 2017 1,608 Views
ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းတွင် နိုင်ငံခြားသား ဧည့်သည်များ ဓာတ်ပုံ ရိုက်နိုင်စေရေးအတွက် ပုဂံမြို့ဟောင်း ဆုတောင်းပြည့် ကျောင်းတိုက်မှ အသက် ၁၁ နှစ်မှ ၁၂ နှစ်ကြားရှိ ကိုရင်သုံးပါးကို ခရီးသွား လုပ်ငန်းတစ်ခုမှ အဖွဲ့ခေါင်းဆောင် ဦးမင်းမင်းက မေလ ၁၀ ရက်နေ့တွင် ဘောလုံးကွင်း တစ်ခုအတွင်း ဘောလုံး ကန်စေခဲ့သဖြင့်မေလ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
“ဒီဖြစ်စဉ်မှာ ဧည့်လမ်းညွှန်က သူ့ ဧည့်သည်တွေ ဓာတ်ပုံရိုက်လို့ရအောင် ကိုရင်သုံးပါးကို ဘောလုံးကန်ခိုင်းတာပေါ့နော်။ ကိုရင်လေးတွေ ဘောလုံးကန်တာကို တရုတ်နိုင်ငံသားတွေက ရှုထောင့်ပေါင်းစုံကနေ ဓာတ်ပုံတွေ ရိုက်ကြတာ။ ဒါက သာသနာရေးအရ ကြည့်ရင် အကြည်အညို ပျက်စေပါတယ်”ဟု ၎င်းအရာထမ်းက ရှင်းပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင် အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်စီမံခန့်ခွဲရေး ကော်မတီဝင်များ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ မေလ ၁၅ ရက်နေ့တွင် ဆုတောင်းပြည့် ကျောင်းတိုက်မှ တိုက်အုပ် ဆရာတော်က တိုင်စာ ပေးပို့တိုင်ကြားခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ အစဉ်အလာအရ ဘာသာရေးဟာ အရမ်း အကဲဆက်လွန်းတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒီဘက်ကာလမှာ နိုင်ငံခြားသား ဧည့်သည်တွေက တောင်းဆိုမှုတွေ များလွန်းလာတယ်ဗျ။ ဆိုလိုတာက ဓာတ်ပုံ ရိုက်ချင်တဲ့အရာကို မော်ဒယ်လိုမျိုး သရုပ်ဆောင်ခိုင်းတာမျိုးတွေအထိ ရှိလာတယ်။ ဒါတွေကို ဧည့်လမ်းညွှန်တွေက သတိထားသင့်ပါတယ်။ ဧည့်သည်က တောင်းဆိုရင်တောင် ငြင်းသင့်တာပေါ့နော်။ တချို့ ဧည့်သည်တွေက ဒီနိုင်ငံရဲ့ ရှောင်ရန် ဆောင်ရန်တွေကို သိသိနဲ့ ကျူးလွန်တာမျိုးတွေ၊ စီးပွားရေးအရ အမြတ် ထုတ်တာမျိုးတွေ ရှိလာတာ တွေ့ရပါတယ်”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း နာယက ဦးတင်ထွန်းက ယင်းဖြစ်စဉ်အပေါ် မှတ်ချက်ပြုသည်။လက်ရှိတွင် ညောင်ဦးမြို့နယ် ပုဂံနယ်မြေရဲစခန်းမှူးက တရားလိုပြုလုပ်ကာ ဦးမင်းမင်းကို ရဲ အရေးပိုင်မှု (ပ) ၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အမှုဖွင့်ကာ တရားစွဲတင်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source: The voice Myanmar