ကလေးတွေနှိပ်စက်ခံနေရပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်စဉ်
17 May 2017 1,316 Views
လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာ ရေဆိုင်ပြင်ကျေးရွာအုပ်စုမှာရှိတဲ့ YGW ရတနာ အလင်းရောင် မိဘမဲ့ ကျောင်းတွင်ကလေးတွေ နှိပ်စက်ခံနေရ ပြီးလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိ နေကြောင်း၊အဆိုပါမိဘမဲ့ကျောင်းသ ည်မိဘမဲ့ပရဟိတအမည်ခံဖွင့်သော်လည်းအနီးအနားရှိကျေးရွာများမှ ကလေးများကို စုစည်းထားခြင်းဖြစ်ကြောင်း၊ ကျောင်းရှိ ကိုယ်တော်များသည် လပွတ္တာမြို့ပေါ်က မဟုတ်ကြောင်း ဒေသခံ ဦးကြည်ဝင်းကဆိုပါတယ်။“ လွန်ခဲ့တဲ့ ၃ လလောက် ကလည်း ကလေးတစ်ယောက် ထွက်ပြေးတယ်။ အဲဒီကလေးဆို ခေါင်းတွေကွဲတဲ့ အထိ ရိုက်ထားတယ်။ ကျောက်တန်းလေးက ကလေးမလေးကို လည်း ရေချိုးနေတာ ထဘီ ဆွဲချွတ်တယ်။ အဲ့လိုတွေ လုပ်တယ် ဆိုတာ ကလေးတွေက တဆင့် ပြန်သိရတာ” လို့ ကလေးငယ်တွေကို နှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး လိုက်လံ ကူညီပေးနေသူ ဧရာဝတီတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၂) က ဦးကြည်ဝင်း က ပြောပါတယ်။
အဆိုပါ ကျောင်းမှာ နေထိုင်တဲ့ ကလေးတွေဟာ နှိပ်စက် ခံရတာကြောင့် အိမ်ပြန်ဖို့ ကြိုးစားကြတယ်။ မေလ ၁၁ ရက်နေ့ ညက အိမ်ကိုပြန်ချင်တဲ့ ကလေးတွေ မတ်တပ် ရပ်ခိုင်းပြီး ပြန်ချင်တဲ့ ကလေး ၁၅ ယောက်ကို ရိုက်ခံရမယ် ဆိုပြီး ဘုန်းကြီးက ၀ါးစိမ်းတုတ်နဲ့ ရိုက်ခဲ့တယ်လို့ ဦးကြည်ဝင်း က ပြောပါတယ်။မေလ ၁၁ ရက်နေ့ညမှာ အချက် ၂၉ ချက် ရိုက်ခံရတဲ့ အသက် ၁၃ နှစ် အရွယ် မောင်ဖြိုးငွေစိုး က “သားတို့ကို အိမ်ကို ပြန်ချင်တဲ့လူ မတ်တပ်ရပ်။ အခွင့်အရေးက တစ်ခါပဲရမယ် ဆိုတော့ မတ်တပ်ရပ်ကြတာ။ ပြီးတော့ ရိုက်တယ်။ သားတို့က မိဘတွေနဲ့ အတူ နေချင်တယ်။ ကိုယ့်ရွာ မဟုတ်တော့ မနေချင်ကြဘူး။ ဟိုတနေ့ကလည်း ၁၀ နှစ် ကလေးလေး တစ်ယောက်ကို ရိုက်တယ်။ သားမနေချင်ဘူး” လို့ ပြောပါတယ်။ မောင်ဖြိုးငွေစိုးက ၆ တန်း တက်ဖို့ အတွက် အဲဒီပရဟိတ ကျောင်းကို ရောက်ရှိတာ ငါးရက်သာ ကြာမြင့်ပြီး နောက်မှာ အခုလို ရိုက်ခံရတာ ဖြစ်ပါတယ်။ အရိုက်ခံရပြီး နောက် အဲ့သည့် ကျောင်းနဲ့ နီးစပ်တဲ့ အိမ်တစ်အိမ် ကနေ သူရဲ့ အိမ်ကို ဆက်သွယ်ခဲ့တာ ဖြစ်ပြီး အိမ်က မေလ ၁၂ ရက်နေ့မှာ လာရောက် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
ကလေးတွေကို ရိုက်နှက်တယ်ဆိုတဲ့ သတင်းကြားတဲ့ အတွက် ကလေးမိဘ လေးယောက်က ကျောင်းကို လိုက်လာချိန်မှာ လည်း ကျောင်းထိုင်ဆရာတော်က အိမ်ကို ပြန်ခေါ်မယ်ဆိုရင် အချက် ၂၅ ချက် ရိုက်ခံရမယ်လို့ ပြောခဲ့တယ်လို့ အသက် ၁၂ ကျောင်းသားရဲ့ မိခင် မကေသွယ်မိုးကပြောပါတယ်။
“ကျွန်မတို့က ကလေးပြန်ခေါ်မယ်ပြောတော့ ပြန်ခေါ်ရင် ၂၅ ချက် ရိုက်မယ်။ကလေးက အရမ်းငယ်သေးတော့ ကျွန်မက ကလေးရှေ့က ၀င်ခံတယ်။ ၀ါးစိမ်းတုတ်နဲ့ ယောက်ျား အားကြီးနဲ့ လွဲရိုက်တယ်။၅ ချက်ပဲ ခံနိုင်တယ်”လို့ အရိုက်ခံခဲ့ရသူ မိဘဖြစ်တဲ့ မကေသွယ်မိုးကပြောပါတယ်။လပွတ္တာမြို့နယ် ကျေးရွာတွေက မိဘတွေဟာ ငွေကြေး မတတ်နိုင်တဲ့ အတွက် ပရဟိတကျောင်းမှာ ပတ်ဝန်းကျင် ပြောစကားတွေကြောင့် လာရောက် ကျောင်းထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ရွာမှာ ကျောင်းထားရင် တလ ၃သောင်းခွဲ ပေးရတယ်။ ဒီမှာဆိုရင် စားစရာနေစရာ ပူစရာ မလိုဘူး။ ဒီလိုတွေ ဖြစ်မှန်းလည်း မသိဘူး။ ကလေးကို ကျောင်းထား ချင်တယ်။ ကျွန်မတို့မှာ ပိုက်ဆံက မရှိဘူးလေ”လို့ မကေသွယ်မိုးကပြောပါတယ်။ လောလောဆယ်မှာ ညှင်းပန်း နှိပ်စက်ခံရတဲ့ ကလေးငယ်လေးဦး နဲ့ အတူမိဘ သုံးဦးဟာ လပွတ္တာမြို့ မှာ လွတ်တော်ကိုယ်စားလှယ်တွေ၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံကာ အဖြစ်အပျက်များကို တိုင်ကြား ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ညှင်းပန်း နှိပ်စက် ခံရတဲ့ ကလေးငယ်တွေဟာ ဆေးစစ်ချက် ရယူပြီး အမှုဖွင့် တိုင်ကြားဖို့ကိုလည်း ပြင်ဆင်နေပါတယ်။ ဒါ့အပြင် လပွတ္တာ မြို့နယ် ရဲ့ ကျေးရွာ တစ်ရွာဖြစ်တဲ့ ကျောက်တန်းလေး ကျေးရွာက ၁၃ နှစ်အရွယ် မိန်းကလေး ကိုလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေ ရှိတယ်လို့ သိရတဲ့ အတွက် နိုင်ငံက ကလေးသူငယ် ကူညီ စောင့်ရှောက်ရေး အဖွဲ့တွေ့ စစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။
Credit - ကုမုဒြာ