BEC-TERO TV

ဗားကရာဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော ကုန်ချိန်များပြီး နစ်မြုပ်

27 Apr 2017     1,309 Views


ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရွှေလက်ဝါးကုန်တင် သင်္ဘောသည်ကုန်ချိန်များရာမှ တိမ်းစောင်းပြီး တစ်စီးလုံးနစ်မြုပ်သွားသည်။ အဆိုပါ ကုန်တင်သင်္ဘောသည် ဧပြီ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် ရခိုင်ပြည်နယ်သို့ သွားရန် ဆိပ်ကမ်းမှ ထွက်ခွာစဉ် တင်ဆောင်ထားသည့် ကုန်ချိန်များပြား၍ တစ်ခြမ်းစောင်းကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကုန်ချိန်တွေများပြီး တစ် ခြမ်းစောင်းမှောက်သွားတာပါ။ ကုန်ပစ္စည်းတွေကတော့ ရသ လောက်ပြန်သယ်ပေးနေတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ကုန် ပစ္စည်းတွေ ကုန်လို့သင်္ဘောကို ပြန်တည့်မတ်အောင် လုပ်နေတယ်။ ဘယ်အချိန်ပြီးမလဲတော့ မပြော တတ်ဘူး’’ဟု

အဆိုပါရဲအရာရှိက 7Day Daily အား ဧပြီ ၂၆ ရက် ညနေက ပြောသည်။ နစ်မြုပ်သွားသည့် သင်္ဘော ဆိပ်ကမ်းမှ ထွက်ခွာရန် ဘေးတွင်ဆိုက်ကပ်ထားသည့် သင်္ဘောတစ်စီးက ရေကြောင်းအတွင်း ဘေးသို့တိမ်းရှောင်မောင်းနှင်ပေးပြီးနောက် ရွှေလက်ဝါးသင်္ဘောသည် ဆိပ်ခံဗောတံတားဘက်သို့ တိမ်းစောင်းနစ်မြုပ်ခဲ့ကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ အဆိုပါသင်္ဘောမှာ ညနေ ၄နာရီခန့်ကစ၍ ဗားကရာဆိပ်ကမ်းတွင် တဖြည်းဖြည်းတိမ်း စောင်းခဲ့ရာ သင်္ဘောပေါ်မှ ဆီပီပါများနှင့် မော်တော်ယာဉ်နှစ်စီးကို သယ်ယူချိန်ရရှိခဲ့သည်။ ထို့နောက် သင်္ဘောကိုယ်ထည်အတွင်း ရေများ တဖြည်းဖြည်းဝင်ရောက်ရာမှ ညနေ ၆နာရီခွဲကျော်တွင် တစ်စီးလုံးနီးပါး နစ်မြုပ်သွားခဲ့သည်။

‘‘ပစ္စည်းတွေတင်ပြီးလို့ သင်္ဘောထွက်မယ်အလုပ်မှာ တစ်ခြမ်းစောင်းပြီး မြုပ်တာပါ။ ကုန်ချိန်များလို့ ဖြစ်သွားတာပါ။ ကံကောင်းတာက ကမ်းကပ်တုန်းဖြစ်တော့ သင်္ဘောတစ်စီးလုံးမမြုပ်သေးဘူး။ ပစ္စည်းတွေကတော့ စားသုံးဆီတွေနဲ့ တခြားစားသောက်ကုန်တွေ တင်ထားတာပါ’’ဟု ၎င်းက ပြောသည်။ သင်္ဘောတိမ်းစောင်းနစ်မြုပ် ခဲ့မှုအတွက် ရွှေလက်ဝါးကုန်တင် သင်္ဘောမောင်းနှင်သူကို အရေးယူထားပြီး သင်္ဘောတွင် စားအုန်းဆီပီပါအလုံး ၁၃၀ ကျော်နှင့် ကားနှစ်စီးအပြင် စားသောက်ကုန်အချို့ တင်ဆောင်ထားကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ယခု နစ်မြုပ်ခဲ့သည့် သင်္ဘော ကို ဧပြီ ၂၇ရက် နံနက်တွင် ပြန်လည် ဆယ်ယူမည်ဖြစ်ကြောင်း သိရသည်။

Credit : 7daydaily 


27 Apr 2017     1,309 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS