BEC-TERO TV

ရခိုင်တွင် ဗလီအတွင်းမှ မီးစလောင်မှု တရားခံကို ဖော်ထုတ်ပေးရန် ရခိုင်လူမျိုးရွာသားများတောင်းဆို

26 Apr 2017     1,374 Views


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ ဗလီအတွင်းတွင် မီးရှို့သည့် ဖြစ်စဉ် တစ်ခု  ဧပြီ ၂၅ ရက် ညဥ့်အချိန်တွင် ဖြစ်ပွားခဲ့ရာ မီးရှို့ပြီး ပြဿနာဖြစ်အောင် ဖန်တီးသူများကို အရေးယူရန် စေတီပြင် ကျေးရွာသားများက တောင်းဆိုလိုက်သည်။
 
ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီမီးကပေါ့ဆမီးလား၊ တမင်ရှို့တာလားဆိုတာကို ကျွန်တော်တို့ ခေါ်ယူစစ်ဆေးနေပါတယ်” ဟု စေတီပြင် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
စေတီပြင် ကျေးရွာသားများက ယခုမီးသည် ကျေးရွာအတွင်းရှိ ရခိုင်လူမျိုးများအား တမင်အပြစ်ရှာရန်နှင့် ပြဿနာ ကြီးထွားရန် မသမာသူ ဘင်္ဂလီ တစ်ချို့မှ အကောက်ကြံ ပြုလုပ်ခြင်း ဖြစ်သဖြင့် ထိုသူများကို ဖော်ထုတ် အရေးယူပေးရန် နယ်ခြားစောင့်တပ် တာဝန်ရှိသူများကို ဝိုင်းဝန်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
 
ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီခွဲခန့်အချိန်တွင် စေတီပြင်ကျေးရွာရှိ ဗလီအတွင်းမှ မီးခိုးလုံးများ ထွက်ပေါ်လာသည့် အတွက် ဒေသခံများက မီးကို ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရကြောင်း၊ မီးမှာ အပြင်က လောင်ခြင်းမဟုတ်ဘဲ ဗလီတွင်းမှ စတင်လောင်ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောကြားသည်။
 
အခင်း ဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက "သူဗလီတက်ပြီး ဆီမီးထွန်းရာကနေ ဖြစ်တာလို့ သိရပါတယ်။ စာအုပ်တချို့နဲ့ ခုံတစ်လုံး မီးလောင်သွားခဲ့ပါတယ်။ နယ်ခြားစောင့်ရဲ ရောက်လာတဲ့ အခါ ဘင်္ဂါလီတွေမီးငြိမ်းလိုက်လို့ မီးငြိမ်းသွားပြီ" ဟု ပြောကြားသည်။
 
ယခု မီးလောင်သတင်းမှာ ချက်ချင်း နိုင်ငံတကာရှိ ဘင်္ဂလီ လော်ဘီအုပ်စုများသို့ ပြန့်နှံ့ ရောက်ရှိ သွားပြီး ရိုနယ် နေဆန်းလွှင်ဆိုသူက “ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာက ဗလီဝတ်ကျောင်းတော်ကို ရခိုင် အစွန်းရောက်အချို့က ဒီနေ့ည ၉:၃၀ နာရီမှာ မီးရှို့လိုက်တယ်။ မီးဝိုင်းငြိမ်းတဲ့ ရိုဟင်ဂျာရွာသားတွေကို ဗလီအပြင်ကနေ ရခိုင်အစွန်းရောက်တွေက ဝိုင်းထားတဲ့အတွက် ဗလီထဲမှာ ပိတ်မိနေတယ်လို့ သိရတယ်” ချက်ချင်း သတင်း အမှား ထုတ်လွှင့်ခဲ့သည်။
 
 
မီးလောင်ရာသို့ရောက်ရှိလာကြသည့် လူအုပ်ကို တွေ့ရစဉ်
 
အသေးစိတ် အကြောင်းအရာ တစ်စုံတစ်ရာ မသိရဘဲ ချက်ချင်း ယခုလို မျိုး သတင်းထုတ်ပြန်ခြင်းသည် ပြဿနာကို ပိုမိုကြီးထွားအောင် လုပ်ခြင်း ဖြစ်သဖြင့် ယခုမီးလောင်မှုမှာ အကွက်ကျကျ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း စေတီပြင် ရွာသား ဦးမောင်အေးညွှန့်က ပြောသည်။
 
စေတီပြင်ရှိ ဗလီအတွင်းတွင် ယခင်ကလည်း မီးလောင်မှု ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာမှ အစောင့်အရှောက်များထားရှိပြီး စောင့်ကြပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
 
Credit:နေရဉ္ဇရာ
 

26 Apr 2017     1,374 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS