BEC-TERO TV

ငွေကြေးအရှုပ်အရှင်းများတွင် ကြံ့ခိုင်ရေးပါတီ ရယူထားသည်များ ပြန်အပ်ရန် မကွေးတိုင်းအစိုးရထုတ်ပြန်

26 Apr 2017     1,298 Views


မကွေးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အလွဲ အသုံးပြုထားသည်ဟုဆိုသော တိုင်းဒေသကြီး ရန်ပုံငွေမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရယူထားသည့် ငွေကြေးနှင့် ပစ္စည်းများ ပြန်လည် ပေးအပ်ရမည်ဟု မကွေးတိုင်းအစိုးရက ညွှန်ကြားထားကြောင်း ဧပြီလ ၂၅ ရက်နေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။
 
ယခင်အစိုးရလက်ထက်က မကွေး တိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းများက ရရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကို ယခင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက အလွဲသုံးထားသည့်အတွက် သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။
ယင်းစစ်ဆေးမှုအပြီးတွင် ၎င်းငွေကြေးများထဲမှ ကြံ့ခိုင်ရေးပါတီနှင့် ပတ်သက်သည့် မော်တော်ယာဉ် ၄ စီး၊ ဘက်ဟိုး ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၂ စီးတို့ အပါအဝင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကို လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပြန်လည် ပေးအပ်ရမည်ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။
 
ဒီအချက်တွေကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရက ဆက်လက် ဆောင်ရွက်ပေးဖို့အတွက် နိုင်ငံတော် သမ္မတရုံးကနေ ဧပြီလ ၈ ရက်နေ့ကတည်းက ညွှန်ကြားစာ ပေးပို့ထားသော်လည်း သင်္ကြန်ရုံးပိတ်ရက်များကြောင့် ရက် အနည်းငယ် နောက်ကျပြီးမှရရှိခဲ့လို့ အခုမှ အတည်ပြု ပြောဆိုနိုင်ခဲ့တာ ဖြစ်ပါတယ”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
 
ထို့အပြင် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရွှေသုခ အသေးစား ငွေကြေးလုပ်ငန်းသို့ ထည့်ဝင် အသုံးပြုခဲ့သည့် ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ ကျော်ကိုပါ ထည့်သွင်း လွှဲပြောင်းပေးရန်ကိုပါ ညွှန်ကြားထားကြောင်း ၎င်းက ပြောဆိုသည်။
 
အဆိုပါ ငွေကြေးနှင့် အသုံးအဆောင် ပစ္စည်းများကို ညွှန်ကြားထားသည့်အတိုင်း ပြန်လည် ပေးအပ်ခြင်း မပြုပါက တည်ဆဲ ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အောင်မိုးညိုက ရှင်းပြသည်။
 
ယင်းကိစ္စကို မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် တိုင်းပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှာ ခရီးထွက်နေသည့်အတွက် မိမိအနေနှင့် မဖြေကြားနိုင်သော်လည်း မိမိ သိရှိရသလောက် ဖြေကြားရလျှင် ယခုအချိန်ထိ မည်သည့် ညွှန်ကြားစာမျှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ယင်းပါတီရုံး၏ ရုံးအုပ်ကြီး ဦးဇော်မြင့်က ပြန်လည် ဖြေကြားသည်။
 
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ ပျောက်ဆုံးနေသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ရှိသည့်အနက် ကျန်ရှိသည့် ငွေကျပ် ၄ ဘီလီယံကျော်ကို ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အချို့၏ ပြောကြားချက်များအရ သိရသည်။
 
မကွေးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၏ လက်ထက်တွင် တည်ထောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရွှေသုခ အသေးစား ငွေကြေး လုပ်ငန်းမှာလည်း ယခုအချိန်တွင် မည်သည့် ဆောင်ရွက်မှုမျိုးကိုမျှ မရှိတော့ဘဲ ဖျက်သိမ်းထားပြီးဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
 
Credit:The Voice

26 Apr 2017     1,298 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS