တနင်္သာရီ လွှတ်တော်အမတ် ကိုယ်ထိလက်ရောက်ကျူးလွန်သည့်ကိစ္စ နှစ်ဦးနှစ်ဘက် ကျေအေး
24 Apr 2017 1,289 Views
တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေသည် ဦးထွန်းလှဆိုသူနှင့် အချေအတင်စကားများရာမှ ကိုယ်ထိလက်ရောက် ရိုက်နက်မှုဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၄ ရက်နေ့တွင် နှစ်ဦးနှစ်ဘက် ကျေလည်မှုရရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝချောင်းထဲကျေးရွာရှိ Fresh Island Co,Ltd မှ တင်ဒါ အောင်မြင်၍ တာဝန်ယူဆောက်လုပ်သော ကျောင်းဆောင်အသစ်သည် အရည်အသွေးပိုင်း ညံဖျင်းသဖြင့် ကျေးရွာသူ/ သားများမှ ကျေနပ်မှုမရှိသည့်အတွက် တိုင်ကြားလာသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များမှ သွားရောက်စစ်ဆေးစဉ် ကုမ္ပဏီအနေဖြင့် ကျောင်းဆောင်အား အမြင့်ပေ (၁) ပေလျှော့ပြီး ဆောက်ထားခြင်း၊ Steel Structure တွင် T beam အဆက်များသေသပ်မှု မရှိခြင်း၊ Estimate အရ တံခါးကျည်းဘောင်အား ပျဉ်းကတိုးဟု သတ်မှတ်ထားသော်လည်း အခြားအမျိုးအစား သစ်မာတမျိုးကို တပ်ဆင်သည့်အတွက် ရွာသူ/ သားများက ပြန်လဲပေးရန် တောင်းဆိုရာ ဦးထွန်းလှက လဲပေးရန်မလိုအပ်ကြောင်း ဝင်ရောက် ပြောဆိုရာမှ အပြန်အလှန် ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းဆောင်ကိစ္စကို ကျွန်တော်တို့ သွားရောက်စစ်ဆေးရာ ပထမဆုံးအနေနဲ့ သူကို အကြိမ်ကြိမ် မေတ္တာရပ်ခံပါတယ်၊ ဒီရွာက ရွာသားတဦး မဟုတ်တဲ့အတွက် ဝင်ရောက် မဆွေးနွေးဖို့ ပြောပါတယ်၊ ရွာသားတွေနဲ့ သူနဲ့ပွတ်တိုက်မှုဖြစ်မှာကိုစိုးရိမ်တဲ့အတွက် ပြောနေရင်းနဲ့ ဝင်ရောက် နှောက်ယှက်တာကြောင့် ကျွန်တော်ကသူ့ကို ကုတ်ဆွဲပြီးတော့ထွက်သွားဖို့ ပြောရင်းနဲ့ ရိုက်မိသလိုမျိုး ဖြစ်သွားတာပါ”ဟု ဦးရဲမြင့်ဆွေက ပဝရွာမကျေးရွာတွင် ဧပြီလ (၂၄) ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရိုက်နှက်ခံရသူ ဦးထွန်းလှက“ကျွန်တော်က ပြည်သူတယောက်အနေနဲ့ ဝင်ရောက်ပြောဆိုမိတာပါ၊ အခြား ဘာရည်ရွယ်ချက်မှလည်း မရှိပါဘူး၊ ပြည်သူတယောက်အနေနဲ့ မေးခွန်းတွေကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိသင့်တယ်ထင်လို့ ပြောဆိုမိတာဖြစ်တယ်”ဟု ပြောသည်။
ယင်းကဲ့သို့ နားလည်မှုလွဲမှားပြီး ပြဿနာဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ဦးရဲမြင့်ဆွေက အများပြည်သူအား တောင်းပန်ကြောင်းလည်း ပြောကြားခဲ့သည်။
“ဦးထွန်းလှအပေါ် လက်ရောက်မှုဖစ်စဉ်နဲ့ပတ်သက်ပြီး၊ ကျွန်တော့်မဲဆန္ဒနယ်ပြည်သူများ အားလုံးကို တောင်းပန်ပါတယ်၊ နောက်နောင်းလည်း အဲဒီလိုမျိုး မဖြစ်စေရအောင် ကျွန်တော် ကတိပေးပါတယ်၊ နောက်ပြီးတော့ ကျွန်တော်က ပြည်သူက တင်မြောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ကျွန်တော်ကိုလက်ခံတဲ့ပြည်သူရှိသလို လက်မခံတဲ့ပြည်သူများလည်း ရှိမှာပါ။ ဒါကြောင့် နောက်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဟာ တနင်္သာရီမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တဲ့အတွက်ကြောင့် အခုကိစ္စအဖြစ်မျိုးကို နောက်ထပ် လုံးဝ မဖြစ်စေရပါဘူး၊ မဲဆန္ဒနယ်ပြည်သူများကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အနုအညွတ်တောင်းပန်ပါတယ်”ဟု ဦးရဲမြင့်ဆွေက ပြောကြားသည်။
Credit:NewsWatch