ငွေစက္ကူ အဟောင်းအနွမ်းတွေနဲ့အသစ်တွေ လဲပေးတယ်၊ အလိုက်တော့ပေးရတယ်
24 Apr 2017 1,569 Views
ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ်တွေမှာ ရပ်ကွက်တွေ၊ ဈေးတွေထဲမှာ ငွေစက္ကူအသစ်တွေကို မြန်မာငွေစက္ကူ ကျပ် အနွမ်းအစုတ်အပြဲတွေနဲ့ အလိုက်ပေးပြီး လဲလှယ်နေကြသူတွေ တွေ့ရပါတယ်။ ၅၀ကျပ်တန်ကနေ တစ်သောင်းတန်အထိ လဲလှယ်ပေးပြီး နံပါတ်စုံရင် ဆေးစွန်း၊ ဆီပေ၊ တိပ်ကပ်ထားတဲ့ပုံစံ၊ ဟောင်းနွမ်းပြီး လုံးခြေထားတဲ့ပုံစံ၊ အက်ဆစ်ထိ ထားတဲ့ ငွေတွေကို လဲလှယ်နေကြ တာ ဖြစ်ပါတယ်။ လဲလှယ်ပေးတဲ့ ပုံစံကတော့ ငွေကျပ် ၁၀ဝကို ၅၀ ကျပ်ကနေ ၇၀ကျပ်အထိ ပေးပြီး လဲလှယ်ရတာ ဖြစ်ပါတယ်။ ဈေးအတွင်းက ဈေးရောင်းနေ တဲ့ ဈေးဆိုင်တွေအထိ လူကိုယ် တိုင် လာရောက်လဲလှယ်သူတွေကို ငွေ ၁၀ဝကို ၇၀ ကျပ်ပေးပြီး ဆိုင်ကယ်နဲ့ မြို့တွင်းလည်ပတ်လဲ လှယ်သူတွေကတော့ ငွေ ၁၀ဝကို ၅၀ ကျပ်သာ ပေးတယ်လို့ ဆိုပါ တယ်။
‘ဘဏ်သွားလဲရအောင်လဲ ငွေကြေးက များများမရှိတော့ ဒီလို လာလဲတဲ့ သူတွေရှိနေတော့ အဆင်ပြေတာပေါ့၊ ဒီဒေသက လူတွေက ငွေနည်းနည်းစုတ်ရင် မယူ ကြတော့ဘူး၊ ကိုယ်က ဈေးသည် ဆိုတော့ လာဝယ်တဲ့အထဲမှာ နည်း နည်းနွမ်းလဲယူရတာပဲ”
လို့ ဆီဆိုင် မြို့မဈေးမှာ ဈေးရောင်းသူတစ်ဦး ဖြစ်တဲ့ မဖြူဖွေးက ပြောပါတယ်။ ငွေစက္ကူအစုတ်တွေနဲ့ ငွေ စက္ကူအသစ် လဲပေးသူတွေဟာ ဈေးအတွင်းရှိ ဈေးဆိုင်တွေ၊ ရပ်ကွက်အတွင်းရှိ အိမ်တွေအထိ လာရောက်လဲလှယ်ပေးကြတယ် လို့ မြို့ငါးမြို့က ဈေးတွေမှာ ဈေး ရောင်းနေတဲ့ သူတွေက ပြောပါတယ်။ အရပ်အခေါ် (ဈေးပတ်) ဈေးလှည့်လည်ရောင်းချနေသူတစ်ဦး ဖြစ်တဲ့ ကိုကျော်လင်းထွန်းက ‘လဲရတာ တန်ပါတယ်၊ ဒီဘက်မှာက ငွေနည်းနည်း စုတ်ရင် ပြန်အမ်းရခက်တယ်၊ မယူကြဘူး၊ ဒီလို အလိုက်ပေးလဲရတာ၊ နှစ်ဖက် စလုံးအတွက် အဆင်ပြေတယ်လေ၊ ဘဏ်မှာ သွားလဲရင် စောင့်ရ တာကြာတာနဲ့ ဘယ်သူမှ မသွားကြဘူး”လို့ ပြောပြပါတယ်။ အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိက ဘဏ်တချို့တွေမှာ ငွေစက္ကူအဟောင်းတွေကို မူရင်းတန်ဖိုးအတိုင်း လဲလှယ်ပေးပေမဲ့ ငွေစက္ကူလဲလှယ်ဖို့ လျှောက်လွှာတင်ရတာတွေ၊ ငွေစက္ကူတွေကို တိပ်တွေနဲ့ ကပ်ပေးရတာ၊ လဲလှယ်မယ့် ငွေစက္ကူအမျိုးအစား နံပါတ်တွေပါ ရေးပေးရတာကြောင့် ဘဏ်ကိုကိုယ်တိုင် သွားမလဲကြဘူး လို့ ဆိုပါတယ်။
Credit : kumudranews