YBS ယာဉ်လိုင်းအမှတ်(၁၆) စပယ်ယာ တွန်းချခဲ့သဖြင့် သီလရှင်တစ်ပါး ကားကြိတ်ခံခဲ့ရ
07 Apr 2017 1,336 Views
YBSယာဉ်လိုင်း အမှတ် ၁၆ ကားပေါ်သို့ ခြေတစ်ဖက် တင်ကာ အပေါ်တက်ရန်အားထုတ်နေသည့် အသက်(၅၈)နှစ်အရွယ် သီလရှင်တစ်ပါးကို ယာဉ်နောက်လိုက်က တွန်းချလိုက်သဖြင့် ကားအောက်သို့ လဲကျသွားပြီး သီလရှင်၏ ခြေထောက်နှစ်ဖက်လုံးကို ကားကြိတ်ခံရမှုကြောင့် ခြေထောက်နှစ်ဖက်စလုံးဖြတ် တောက်ပစ်ရနိုင်သည့် အခြေအနေရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင် သီလရှင်ဆရာလေး ဒေါ်ခေမာစာရီသည်ခွေးရူးကာကွယ်ဆေးထိုးပြီး မြောက်ဥက္ကလာပမြို့နယ် မေဓာဝီမှ ရွှေပေါက်ကံ သို့ပြန်ရန်YBS လိုင်း ၁၆ အား စောင့် ဆိုင်းနေရစဉ် စီးရမည့် အမှတ် ၁၆ ကားရောက်ရှိလာသည့်အတွက် ယာဉ်ပေါ်သို့ ပြေးတက်စဉ် ခြေထောက်တစ်ဖက်မှာ ယာဉ်ပေါ် သို့ရောက်ရှိနေချိန်၌ အဆိုပါယာဉ်ပေါ်ပါ စပယ်ယာမှာ နောက်ကားဖြင့် လိုက်ရန်ပြောဆိုပြီး ကားပေါ်မှသီလရှင်ဆရာလေးအားတွန်းချခံခဲ့ရခြင်းဖြစ်သည်။
"ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ ကံဇာတာပါလို့ဖြစ်လာတယ်ပေါ့လေ။ ဒါပေမဲ့ဆရာလေးကနမော်နမဲ့ ကြောင့်ဖြစ်တာလည်းမဟုတ်ဘူး။ကားပေါ်က တွန်းချလို့ဖြစ်တာ။ နောက်ကားနဲ့လိုက်ဖို့။ ကားကချောင်နေတယ်။ နောက်ကားနဲ့ပြိုင်မောင်းနေတာ။ နောက်ကားကလည်း ပါလာတယ်။ နောက်ကားနဲ့လိုက်ဆိုပြီး တွန်းချတာ"ဟုပြောသည်။
ယင်းကဲ့သို့ ကားပေါ်မှတွန်းချခံခဲ့ရသည့်အတွက် ဒေါ်ခေမာစာရီမှာ တွန်းချခြင်းခံခဲ့ရသည့် YBS ၁၆ ယာဉ်အောက်သို့ပြုတ်ကျသွားပြီး ယာဉ်၏နောက်ဘီးများဖြင့် ခြေထောက်နှစ်ချောင်းအား ကြိတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အတွက်YBS ၁၆ ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးက မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံရောက်မှသာ မိသားစုဝင်များဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ခေမာစာရီအား မြောက် ဥက္ကလာပဆေးရုံကြီး၊ အရိုးဆောင် (မ)၊ ခုတင်အမှတ်-၃ တွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယခုအခါ ဒေါ်ခေမာစာရီ၏ ဘယ်ဘက်ခြေချောင်း သုံးချောင်းဖြတ်တောက်ပစ်လိုက်ရပြီး၊ လိုအပ်ပါက ခြေထောက်များပါ ဖြတ်တောက်ပစ်ရဖွယ်ရှိ ကြောင်း၊ ဆီးလမ်းကြောင်းကိုပါ ထိခိုက်မှုရှိနေကြောင်း ဒေါ်ခေမာစာရီ ၏မိသားစုဝင်များထံမှ သိရသည်။
ဒေါ်ခေမာစာရီ၏မိသားစုဝင် များအနေဖြင့် လတ်တလောတွင် အမှုဖွင့်ထားခြင်း မရှိသေးသော် လည်း YBS -၁၆ ပိုင်ရှင်နှင့်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း၊YBS-၁၆ ယာဉ်ပိုင်ရှင်မှာ ကျပ် ၁၅ သိန်းကိုပေးလျော်မည်ဟု ညှိနှိုင်းခဲ့ကြောင်း ဒေါ်ခေမာစာရီ၏တူမတော်စပ်သူ ဒေါ်နုရွှေစင်ဝင်းကပြောသည်။
"မလိုအပ်တာတွေလည်း မတောင်းဆိုချင်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးဆုံးရှုံးထားရတာ။ သာသနာပြု ဆရာလေးတစ်ပါး ဆုံးရှုံးသွားတာဖြစ်လို့ ဆရာလေးကလည်း အတ္တကင်းပါတယ်။ ရှေ့ဆက်သာသနာပြုနိုင်မယ့် နောင်ရေးဖြစ်တဲ့ပဒေသာ ပင်လေးတစ်ပင်နဲ့ ဆရာလေးရဲ့ကျန်းမာရေးကို အစအဆုံးတာဝန်ယူတဲ့ အထိစောင့်ရှောက်စေပေးစေချင်တယ်"ဟု ပြောသည်။
YBS -၁၆ ယာဉ်ပိုင်ရှင်ဘက်မှ ကျပ် ၁၅ သိန်းသာပေးလျော်ရန် ဆုံးဖြတ်ထာပါက ဆရာလေးဒေါ်ခေမ စာရီ၏မိသားစုဝင်များကတတ်ကျွမ်း နားလည်သည့်ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ ဥပဒေအရဆက်လက် လုပ်ဆောင်သွားမည်စ်ြကြောင်း ၎င်း၏မိသားစုဝင်များကပြောသည်။
ဆက်လက်ပြီး ဒေါ်ခေမာစာရီ က"ခြေထောက်တွေကနာကျင်ကိုက်ခဲတယ်။ ကျိန်းလို့မရဘူး။ ဆွမ်းလဲမစားချင်ဘူး။ ဘာတွေ့တွေ့ အန်ချင်တယ်။ သာသနာမှာ ရာသက်ပန်ခေါင်းချမှာဖြစ်လို့ ဆရာလေးရဲ့ခန္ဓာကိုယ် ဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတော့ ဆွမ်းခံလို့မရတော့ဘူး။ ရှေ့ဆက်ကုန်ကျ စရိတ်ဖြစ်တဲ့ အာစိဏ္ဏကံပဒေသာ ပင် စိုက်ထူပေးစေချင်တယ်။ ရေဖိုး၊ မီးဖိုး၊ ပဋ္ဌာန်းကြေး၊ တရားစခန်းဆွမ်း စရိတ်၊ ဝါဆိုရင်ဝါဆိုသင်္ကန်းကြေး၊ ကထိန်သင်္ကန်းကြေးတွေကို ဆရာတော့်ကို ပဒေသာပင်အဖြစ် တင်ရတယ်။YBS -၁၆ ယာဉ်အနေနဲ့ အဲဒီ ပဒေသာပင်ကို
ဖြည့်ဆည်းပေးစေချင်ပါတယ်"ဟု ပြောသည်။
သီလရှင် ဆရာလေးသည် ရွှေပေါက်ကံမြို့နယ် (၂၁) ရပ် ကွက်၊ ပုဂံလမ်းရှိ မင်္ဂလာသီရိ မိုး ကုတ်ဓမ္မရိပ်သာကျောင်းတိုက်တွင် သီတင်းသုံးခြင်းဖြစ်ပြီး ၂၀ဝ၅ ခုနှစ်က စတင်ကာ သာသနာ့ဘောင်အတွင်း သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
Credit:ဒီမိုကရေစီတူဒေး