သင်္ကြန်ရက် အဝေးပြေးကားလက်မှတ်များဝယ်ရန် အခက်တွေ့၍ ဈေးနှုန်းနှစ်ဆတက်နေ
06 Apr 2017 1,593 Views
သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် နေရပ်ပြန်လိုသူများ အနေနှင့် ကားလက်မှတ်ရရန် ခက်ခဲလျက်ရှိပြီး အဝေးပြေး ကားခအတွက် ကျသင့်ဈေးနှုန်းထက် နှစ်ဆခန့်အထိ ပေး၍ဝယ်ယူရကြောင်း နေရပ်ပြန် ခရီးသည်များထံမှ စုံစမ်းသိရသည်။
“နယ်ပြန်ဖို့အတွက် နှစ်တိုင်း ကားလက်မှတ်ဖြတ်ရတာ ခက်တယ်။ ၁ ရက်နေ့ ရောင်းမယ်ဆိုလို့ လက်မှတ် သွားဖြတ်တာ သွားမေးရင် ကုန်သွားပြီချည်းပဲ ပြောတယ်။ ပွဲစားတွေကနေ ဝယ်တော့ ပလတ်စတစ်ခုံနဲ့ ထိုင်ရမယ့် အလယ်ခုံတောင် ကျပ် ၅၅၀ဝ ကနေ ၉၀ဝ၀ လောက်ထိ တောင်းလို့ ပြန်မယ့်သူတွေစုပြီး ကားငှား ပြန်တော့မယ်”ဟု ကံမမြို့မှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်သူ ကိုဖိုးစိုးသူက ဆိုသည်။
ဧပြီလ ၇ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မှ နယ်များသို့ ထွက်ရှိမည့် ခရီးစဉ်များတွင် လိုက်ပါမည့် ခရီးစဉ်များ၌ လူပြည့်နေသောကြောင့် ယခုရက်ပိုင်းအတွင်း ကားလက်မှတ်များ ဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်ကြောင်း၊ သင်္ကြန်ကာလများတွင် နှစ်စဉ် အဝေးပြေးယာဉ်လိုင်းများမှ ကိုယ်စားလှယ် ဂိတ်ခွဲများသို့ လက်မှတ် ရောင်းချခွင့်မပေးဘဲ ပင်မဂိတ်များတွင်သာ တိုက်ရိုက် ရောင်းချလျက်ရှိကြောင်း အဝေးပြေးယာဉ်များရှိ တာဝန်ရှိသူများထံမှ သိရသည်။
“ကားတွေက ရန်ကုန်ကထွက်ရင်တော့ အပြည့်ပဲ၊ ဟိုရောက်ရင် ခါလီပြန်ရတာဖြစ်လို့ ယာဉ်လိုင်းတွေက ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ ဈေးတက်ကြတယ်။ ဒါတောင်မှ ကားတိုင်းမှာ ခရီးသည်အပြည့်ပဲ”ဟု ရန်ကုန် - ကံမ ပြေးဆွဲနေသော ရွှေသရက် ယာဉ်လိုင်းမှ တာဝန်ရှိသူ ဦးမင်းမျိုးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့က ယခုနှစ် သင်္ကြန်ကာလတွင် အဝေးပြေး ကားလက်မှတ်ခများကို ဈေးနှုန်းမတက်ရန်နှင့် ထိရောက်စွာ အရေးယူမည်ဟု ညွှန်ကြားထားသော်လည်း နေရပ်ပြန်လိုသူများ အနေနှင့် ကားလက်မှတ်များကို မူရင်း ဈေးနှန်းများထက် ပိုမိုပေး၍ ပွဲစားများမှတစ်ဆင့် ပြန်လည် ဝယ်ယူနေရကြောင်း ခရီးသည်များက ဆိုသည်။
ရန်ကုန်တိုင်း အခြေပြုကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများကို စီမံအုပ်ချုပ်လျက်ရှိသော မထသ (အဝေးပြေး) အောင်မင်္ဂလာနှင့် ဒဂုံဧရာတို့၏ စီမံခန့်ခွဲမှု လုပ်ငန်းအားလုံးကို ရန်ကုန်တိုင်းဒေသ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံ မတ်လ ၈ ရက်က လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘာမှ မပြောနိုင်သေးဘူး။ အစည်းအဝေး ပြန်ခေါ်ဖို့ လုပ်နေတယ်။ အခု ဘာမှပြောလို့ မရသေးဘူး”ဟု ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဧပြီလ ၅ ရက်က ပြောဆိုသည်။
ဧပြီလ ၉ ရက်မှ ၁၂ ရက်အထိ ခရီးသည်မပါဘဲ ပြေးဆွဲသည့် အရှုံးပေါ်မှုကို ကာမိရန် မတ်လ ဒုတိယအပတ်က ကားလက်မှတ်နှုန်း တိုးမြှင့် ကောက်ခံခွင့် ပြုရန် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) ထံ တောင်းဆိုခဲ့သော်လည်း ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပေးခဲ့ခြင်း မရှိပေ။
အဝေးပြေး ယာဉ်လိုင်းများက ကားလက်မှတ်ခ ဈေးနှုန်းများ မြင့်တက်သော်လည်း လက်မှတ်ဖြတ်ပိုင်းများတွင် ယခင် ပြေးဆွဲခဲ့သော နှုန်းထားများဖြင့်သာ လက်မှတ် ဖြတ်ပေးလျက်ရှိကြောင်း ကိုယ်တိုင် ဝယ်ယူခဲ့ရသည့် ခရီးသည်များက ဆိုသည်။
အဝေးပြေး ကားလက်မှတ်များကို သတ်မှတ်ဈေးထက် ပိုမိုဝယ်နေရပြီး လူသွားများသည့် ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ယခင်ကျပ် ၁၂၀ဝ၀ ကို ကျပ် ၁၇၀ဝဝ၊ နေပြည်တော် ခရီးစဉ်တွင် ကျပ် ၆၈၀ဝ ကို ကျပ် ၇၃၀ဝ၊ မုံရွာခရီးစဉ်တွင် ကျပ် ၁၄၀ဝ၀ ကို ကျပ် ၁၆၅၀ဝ ဖြင့် ဝယ်ယူနေရကြောင်း အဆိုပါ ခရီးစဉ်ပြန်မည့် ခရီးသည်များက ပြောကြားသည်။
“ပုံမှန်သွားနေကျ ၁၄၀ဝ၀ ပဲရှိတယ်။ အခု ဈေးတက်သွားပြီး။ ဒီဈေးနဲ့ပဲ ဝယ်ပြီး ပြန်ရမှာပဲ”ဟု မတ်လ တတိယပတ်က ကြိုတင်လက်မှတ် ဝယ်ယူခဲ့သူ မုံရွာပြန်မည့် ခရီးသည်တစ်ဦးက ဆိုသည်။ လက်ရှိတွင် ရန်ကုန်မှ နေပြည် တော်ခရီးစဉ်ကို မူလထက် လက်မှတ်ခ ကျပ် ၁၅၀ဝ ပိုရောင်းချနေပြီး ယင်းသို့ ရောင်းချနေခြင်းမှာ နှစ်စဉ်ဖြစ်ကြောင်း မတ်လ ၁၆ ရက်က နေပြည်တော်ပြန်သည့် ခရီးသည်တစ်ဦးက ပြောကြားသည်။
အဝေးပြေး ကားလက်မှတ် အရောင်းကိုယ်စားလှယ်များသည် ကြိုတင် လက်မှတ်များကို ဧပြီလ ၄ ရက်အထိသာ ရောင်းချပြီး ကျန်ရက်များအတွက် ဝယ်ယူမည်ဆိုပါက အဝေးပြေးဂိတ်သို့ သွားရောက် ဝယ်ယူရကြောင်း ကားလက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် နာမည်ကြီး ယာဉ်လိုင်းအချို့သည် ကားခဈေးနှုန်းများ မြင့်တက်ခြင်း မရှိသော်လည်း ယင်းရက်ပိုင်းများတွင် ပြေးဆွဲသည့် ခရီးစဉ်များတွင် ခရီးသည် ပြည့်နေသောကြောင့် ကားလက်မှတ် မရရှိကြောင်း ခရီးသည်များထံမှ သိရသည်။
သင်္ကြန်ကာလတွင် အဝေးပြေး ကားလက်မှတ်ခများ တိုးရောင်းနေခြင်းမှာ နှစ်စဉ်ဖြစ်ပြီး မည်သို့ပင် ထိရောက်အောင် အရေးယူမည်ဖြစ်စေ တိုးရောင်းခြင်းမှာ ပျောက်ကွယ်သွားခြင်း မရှိကြောင်း၊ ယခုနှစ်တွင်လည်း လက်မှတ်ခ ဈေးကြီးပေးဝယ်ကာ စီးနင်းရကြောင်း မတ်လ ဒုတိယအပတ်က နေပြည်တော်သို့ပြန်သည့် ခရီးသည်တစ်ဦးက ပြောကြားသည်။
“တိုင်ရင်လည်း မူလဈေးအတိုင်းသာ ပြန်ရတာ အဝေးပြေးဝင်းမှာတင် အချိန် အတော်ပေးရတယ်။ ကားထွက်ချိန် နောက်ကျတာနဲ့ အဆင့်ဆင့်တွေ လုပ်နေတာ မပြီးတာနဲ့ မပေးချင်လည်း တိုးကောက်တာကို လက်ခံပြီး စီးနေရတဲ့ ခရီးသည်တွေ အများကြီးပဲ”ဟု ၎င်းက ဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် ခရီးသည်တင်ယာဉ်လိုင်း ၂၁၇ လိုင်းရှိပြီး မော်တော်ယာဉ် ၂၂၆၀ စီးရှိသည်။
Credit:TheVoice