သံဝေဂရစရာ အသိတရားတစ်ချို့ကိုဝေမျှလိုက်တဲ့ အဆိုတော်လင်းလင်း
03 Oct 2018 1,538 Views
အဆိုတော်လင်းလင်းကတော့ Rock သံစဉ်သီချင်းအမျိုးအစားတွေကို အကောင်းဆုံးဖန်တီးသီဆိုကာ သီချင်းကောင်းလေးတွေကို ပရိသတ်တွေရဲ့ရင်ထဲထိအရောက်ပို့ပေးနိုင်တဲ့ အဆိုရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သီချင်းဆိုတာအပြင် စာရေးရတာကိုပါဝါသနာပါတဲ့ လင်းလင်းကတော့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်စရာမင်းသမီးချောလေး ချစ်သုဝေနဲ့အတူ အမြွှာသမီးလေးနှစ်ယောက်ကို မွေးဖွားကာ သာယာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ အနုပညာရှင်မိသားစုလေးဖြစ်တဲ့ လင်းလင်းတို့မိသားစုဟာဆိုရင် အမြဲပျော်ရွှင်စရာတွေပြည့်နှက်နေတာကြောင့် ပရိသတ်တွေက အားကျလေးစားကာ ချစ်ခင်နေရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။
အောက်တိုဘာ (၂) ရက်နေ့ကအသက် (၃၅) နှစ်ပြည့်သွားပြီဖြစ်တဲ့ လင်းလင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကျင်လည်နေရတဲ့ဘ၀သံသရာထဲက သံဝေဂရစရာ အသိတရားတစ်ချို့ကို ပရိသတ်တွေပါသိအောင် ရေးသားမျှဝေလိုက်တာဖြစ်ပါတယ်။ ဖြတ်သန်းတွေ့ကြုံနေရတဲ့ ဘ၀ထဲမှာ မိသားစုကို တန်ဖိုးထားဖို့နဲ့ မိဘနှစ်ပါးကို မမေ့မလျော့နေကြဖို့ကို အသိပေးရေးသားထားတာဖြစ်ပါတယ်။
လင်းလင်းရေးသာခဲ့တာကတော့ “တစ်စုံတစ်ရာ မတော်တစ်ဆထိခိုက်သေဆုံးတာမျိုး၊ သဘာဝဘေးကြောင့် သေဆုံးတာမျိုး၊ သူများသတ်လို့သေတာမျိုး၊ ကိုယ့်ကိုကိုယ့် သတ်သေတာမျိုး စသည့်အမျိုးမျိုးနဲ့ မသေဆုံးခဲ့ရင် ပုံမှန်လူ့သက်တမ်းကို ပျမ်းမျှ ၇၀ လို့သတ်မှတ်ကြပါတယ်။ အဲဒီတော့ ကျနော်ဟာ သက်တမ်းတစ်ဝက် ၃၅ နှစ်ကို ရောက်တဲ့သဘော။ အယူဝါဒ အမျိုးမျိုးနဲ့ ရောက်လာကြ , ပုံစံအမျိုးမျိုးနဲ့ ထွက်ခွါသွားကြ။ 'မွေး နဲ့ သေ' တံခါး ပါးပါးလေးကြားထဲမှာ မှန်တယ်ထင်ရာ အမိုးတွေအောက် လ, ပြည့်လိုက် ၊ လ, ကွယ်လိုက် နဲ့ သက်ပြင်းနဲ့မျက်ရည်ကို အပျော်တွေနဲ့ဖုံး ကျနော်တို့အားလုံး တစ်ရုန်းရုန်းပါဘဲ။”
“ဝေးလွန်းတယ်ထင်ရတဲ့ အိပ်မက်တွေထံ ရောက်အောင်ကြိုးစားပြီးလျှောက်,, ဟော ရောက်ပြန်တော့လဲ အဲဒီ အိပ်မက်တွေထဲမှာ နောက်ထပ်အိပ်မက်တွေ အများကြီး အများကြီး ရှိသေး။ သံသရာစက်ဝိုင်းထဲ စက်ကွင်းမလွတ်လို့ ချည်မိတဲ့ကြိုးကလဲ တစ်ကြိုးပြီး တစ်ကြိုး။ အခုကျနော့်မှာကို ကြိုးနှစ်ကြိုး တစ်ပြိုင်ထဲ ထပ်ရောက်လာသေးတယ်။
တစ်ချို့ကလဲ ခလုတ်တိုက်မိတာကို ဘဝပျက်မတက်, တစ်ချို့ကျတော့လဲ ခလုတ်မတိုက်မိဘဲနဲ့ကို ပြန်မ,ထ နိုင်တော့တဲ့ မိသားစုတွေ ဟိုမှာ ဒီမှာ အပုံလိုက် အပုံလိုက်”
“ကျနော်ငယ်ငယ်က မေမေ့ကို ဒေါက်ချွန်၊စက်ဝိုင်းခြမ်း တွေပါတဲ့ ကွန်ပါဘူး ဝယ်ပေးဖို့ ပူဆာဖူးတယ်။ မေမေကပြန်ပြောတယ် 'သားရဲ့စာသင်ခန်းထဲမှာ ဘောပင်တစ်ချောင်းတောင် အနိုင်နိုင် ဝယ်နေရတဲ့ ကလေးတွေအများကြီးဘဲ' တဲ့။ အဒီအတိတ်ကလေးတစ်ခု ဒီနေ့တွေးမိတော့ သူငယ်တန်းက အတန်းပိုင်ဆရာမကြီးကို သွားကန်တော့ဖြစ်တယ်။ ကျန်းမာရေးမကောင်းဘူး မျက်လုံးတစ်ဖက်ကွယ်နေပြီ။ ပင်စင်လစာလေး သွားထုတ်ပြီးအပြန် ဆိုင်ကယ်တိုက်လို့ ခြေထောက်လဲကျိုးထားပါသေးတယ်။ ဆရာမကြီးနာမည်က ဒေါ်စောစောရွှေ တဲ့။ ကျနော့်ကိုတွေ့တော့ "အမလေး ငါ့သား ထွေးလင်းကို ကြီးလာတယ်" တဲ့။ ပုခုံးပေါ်ရောက်လာတဲ့ ဆရာမကြီးလက်ဟာ သူငယ်တန်းတုန်းက အတန်းထဲဝင်ဖို့ သိုင်းဖက်ပြီးခေါ်တဲ့ ဆရာမကြီးလက်နဲ့ နွေးထွေးမှုအတူတူဘဲ၊ မေတ္တာတရားအတူတူဘဲ၊ လုံခြုံမှုအတူတူဘဲ။ မတူတာတစ်ခုတော့ရှိတယ်,, အဲဒါ ကျနော့် ပုခုံးပါဘဲ။ ငယ်တုန်းကတော့ လွယ်အိတ်ကလေးဘဲ တင်တဲ့ပုခုံး။ အခုဘာတွေ တင်ထားပါလိမ့်၊ ဘာတွေ ထမ်းထားပါလိမ့်။ ထပ်ဆင့်ပြီး တွေးမိတာ ကျနော်တို့ ခင်များတို့ အားလုံးရဲ့ပုခုံးပေါ်မှာ ဘယ်လိုဝန်တွေ ရှိနေကြပါလိမ့်နော်။ ဆရာမကြီးကို ကျန်းမာရေးအလှူလုပ် ကန်တော့ပြီးပြန်တော့ ဆရာမကြီးက ဘေးနားမှာရှိတဲ့ လမ်းလျှောက်တုတ်ကိုလှမ်းဆွဲတယ်။ ဆရာမကြီးဘာလုပ်မလို့လဲ မေးတော့ သားပြန်တာ အိမ်ရှေ့ထိလိုက်ကြည့်ချင်လို့တဲ့။ "
“ဒီနေ့ မေမေကပြောတယ်။ "ဆေးစစ်ချက်အဖြေတွေရပြီ အရမ်းမဆိုးပါဘူး" တဲ့။ ဖေဖေ က "ဒီနေ့ ဥပုဒ်နေ့ လူရှုပ်လို့ သူ့ရဲ့ပင်စင်စားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘုရားထဲမသွားဖြစ်ဘူး လဖေ့ရည်ဆိုင် မထိုင်ဖြစ်ဘူး" တဲ့။
ကျနော်ကတော့ မိန်းမ နဲ့ သမီးနှစ်ယောက်ကို ဗွီဒီယိုကော ခေါ်ပြီးလို့ အိပ်တော့မယ်။
နက်ဖြန်မနက် အစောကြီးထပြီး မန်းလေးကနေ ပြန်ရမှာ။ မိသားစုနဲ့ ဆုံချင်ပြီလေ။
ခင်များတို့လဲ အချိန်လေးရရင် ဆရာ ဆရာမကြီးတွေကို ဆက်သွယ်ကြည့်ပါဦး။
အဝေးမှာဆိုရင် မိဘတွေထံ ဖုန်းခေါ်လိုက်ပါဦး။” ဆိုပြီရေးသားကာ မွေးနေ့ဆုတောင်းပေးကြတဲ့သူတွေကိုလဲ ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။