ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာများသွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်
30 Jul 2018 1,333 Views
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေဟာ ပိုမိုဆိုးဝါးလျက်ရှိကာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ဘက်မှာတော့ တောင်ပြိုကျပြီး ရေနစ်မြုပ်မှုဖြစ်သည်အထိ အခြေအနေများ ဆိုးရွားလို့နေပါတယ်။ သရုပ်ဆောင် ဝေဠုကျော်နှင့် ဝေဠုကျော်ဖောင်ဒေးရှင်းမှအဖွဲ့သားများဟာ ရေနစ်မြုပ်ကာ ဒုက္ခရောက်နေကြတဲ့ ဘီးလင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်...
ဘင်တောင်ပြိုကျကာ ရေနစ်မြုပ်ပိတ်မိနေတဲ့ ဘီးလင်းမြို့မှ (၂၂) မိုင် ကွာဝေးတဲ့ နတ်ကြီးရွာကိုလည်း ခက်ခက်ခဲခဲ စားနပ်ရိက္ခာများကို ပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ဝေဠုကျော်ဖောင်ဒေးရှင်းဖေ့စ်ဘွတ်ပေ့ခ်ျကနေ ယခုလို မှတ်တမ်းတင်ရေးသားထားပါတယ်...
“ကိုဝေဠုကျော် ဦးဆောင်သည့်အဖွဲ့မှာ ယနေ့ ဘီးလင်းမြို့ရှိ ရေနစ်မြှပ်နေသောရွာများသို့ သွားရောက်ကာ ရိက္ခာပို့ဆောင်ခဲ့ပါသည်။ ဘင်တောင်ပြိုကျပြီး ရေနစ်မြှပ်ကာ ပိတ်မိနေသော နတ်ကြီးရွာသို့လဲ ရိက္ခာများအား ရေတတန် ကုန်းတတန် ခက်ခက်ခဲခဲ အဆင့်ဆင့် အခေါက်များစွာ ပို့ဆောင်ပြီး အလှမ်းဝေးလှသည့် နတ်ကြီးရွာနှင့် အနီးဆုးံသို့ ရိက္ခာများ ရောက်ရှိနေပါပြီ။ ရေစီးကြမ်းတဲ့နေရာတွေကို ဖြတ်သယ်ရတာမို့ ခရီးတွင်အောင် ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။ မနက်ဖြန် ဘီးလင်းမှ ၂၂မိုင် ဝေးကွာသည့် နတ်ကြီးရွာသို့ ရေလမ်း ၊ကုန်းလမ်း နောက်ရေလမ်း မှတဆင့် လိုအပ်နေသော ဆန်အိတ်များနှင့် စားနပ်ရိက္ခာများကို အရောက်ပို့ဆောင်ပေးမည် ဖြစ်ပါသည်” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်….
မွန်ပြည်နယ် ဘီးလင်းမြို့မှာ ကူညီကယ်ဆယ်မှုတွေလုပ်ပြီးသွားတဲ့အခါမှာတော့ ကရင်ပြည်နယ်ဘက်ကို သွားကာ ကူညီမှုတွေဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းကို ပရိသတ်တွေကို အသိပေးရေးသားထားပါသေးတယ်။
“ဘီးလင်းပြီးရင်တော့ ကရင်ဖက်ကလာခေါ်နေပြီမို့ ပြေးရမှာပါ။ ကျနော်ကိုယ်တိုင် နေရာတိုင်း မပါဝင်နိုင်သေးပေမယ့် ကျနော်တို့အဖွဲ့တွေခွဲပြီး ရေနစ်မြှပ်နေသော ဒေသအသီးသီးသို့ သွားရောက် ကူညီနေကြပါပြီ။ ကျနော်လဲ တစ်နေရာပြီး တစ်နေရာ ဆက်သွားရမှာပါ” ဆိုပြီး သူကိုယ်တိုင်မပါဝင်နိုင်သေးတဲ့ နေရာများကိုတော့ အဖွဲ့တွေခွဲပြီး သွားရောက်ကူညီနေကြပါပြီးဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
ဒါ့အပြင် ရေဘေးသင့်နေတဲ့ပြည်သူများကို သွားရောက်ကူညီမှုတွေပြုလုပ်နိုင်ဖို့အတွက်လည်း အလှူခံလျက်ရှိပြီး ပရိသတ်တွေကတော့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနေကြတာကို တွေ့ရပါတယ်...