ပြည်ထောင်စုနေ့ဆိုသည်မှာ..
11 Feb 2018 1,832 Views
၁၂-၂-၂ဝ၂၀ ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။
ပြည်ထောင်စုနေ့ဟူသည်ကား မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါအရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။
မြန်မာ့သမိုင်းတစ်လျှောက် ကိုယ့်မင်းကိုယ့်ချင်းနှင့် တိုင်းရင်းသားအားလုံး စုစည်းနေထိုင်ခဲ့ကြရာ လွပ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက် ဗြိတိသျှတို့၏ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိဘဲ သွေးကွဲမှုများရှိခဲ့သည်။
ဗြိတိသျှတို့ လက်အောက်မှလွတ်မြောက်ရေးကို အနှစ် ၇ဝ မျှ ကာလပတ်လုံး အမျိုးမျိုးအဖုံဖုံကြိုးပမ်းရာ၌ လွင်ပြင်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် မြန်မာနိုင်ငံ၌ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင်မူ တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့ကြသည်။ ပြည်နယ်၊ ပြည်မ၊ သွေးစည်းပူးပေါင်း၍ ဖက်ဆစ်ဂျပန်၏ရန်ကို တိုက်ထုတ်နိုင်ခဲ့ကြပေသည်။
ဖက်ဆစ်ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် မြန်မာ့လွတ်လပ်ရေးရရှိရေး ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင်သား၊ တောင်တန်းသား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ရှာကြံခဲ့ကြပေသည်။ ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့် အချိန်အခါသို့ ဆိုက် ရောက်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်ဆွေးနွေးကြစဉ်က မြန်မာပြည်မကြီးရော၊ တောင်တန်း ဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။
ဗြိတိသျှအစိုးရကမူ မြန်မာပြည်မကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသကို ဆက်လက်အုပ်ချုပ်ထားရန် အကြံအစည်ရှိခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့က တောင်တန်းဒေသမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့် တစ်ပြိုင်နက်တည်း လွတ်လပ်ရေးပေးရန်အရေးဆိုခဲ့ခြင်းဖြစ်သည်။
ဗြိတိသျှအစိုးရက တောင်တန်းဒေသများသည် ပြည်မကြီးနှင့် ပေါင်းစည်းရန် သဘောတူပါလျှင် ပြည်မကြီးရော၊ တောင်တန်းဒေသပါ တစ်ပါတည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းသားများ ပူးပေါင်းဆောင်ရွက်ရေးကို တောင်တန်းသားများက သူတို့ဘာသာဆုံးဖြတ်ပါစေဟု သဘောသက်ဝင်သော အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ ပြန်ရောက်ပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရှမ်းတောင်တန်း ပင်လုံမြို့ကလေးရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးညီလာခံသို့ တက်ရောက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားများနှင့်ပြည်မခေါင်းဆောင်များ တစ်စိတ်တစ်ဝမ်းတည်း သွေးစည်းညီညွတ်မှုကို ရရှိခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းသားကိုယ်စားလှယ် ၂၁ ဦးတို့သည် တောင်တန်းဒေသနှင့် ပြည်မဒေသတို့ ပေါင်းစည်းညီညွတ်ရေး ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြလေသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှု ပြသနိုင်ခဲ့သောနေ့ရက်ကို ''ပြည်ထောင်စုနေ့''ဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။ ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီခဲ့ရလေသည်။
ယနေ့အချိန်အခါ၌ ပြည်ထောင်စုမြန်မာနိုင်ငံသည် ဒီမိုကရေစီခရီးကို အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံး စုရုံးညီညွတ်လျက် လက်တွဲချီတက်ရန် ကြိုးပမ်းနေချိန်ဖြစ်သည်။United We stand, Divided We Fall ဆိုသော အနောက်တိုင်းစကားပုံအရသော်လည်းကောင်း၊ စည်းလုံးခြင်းသည် အင်အားဆိုသော မြန်မာစကားဆိုထုံးအရသော်လည်းကောင်း၊ရှေ့သို့ချီကြ ရမည့် ဒီမိုကရေစီခရီးရှည်ကြီး၌ အမျိုးသားရင်ကြားစေ့ ရေးနည်းဗျူဟာကို ပိုင်နိုင်စွာ ကျင့်သုံး၍ သတိတမန် ဉာဏ်မြေကတုတ် ပညာစွမ်း၊ ချွန်းကဲ့သို့အုပ်ကာ၊ လျှောက်လှမ်းသွားကြရန် လွန်စွာ လွန်စွာအရေးကြီးနေချိန် ဖြစ်သည်။
သို့ဖြစ်ပါ၍ ရှေ့သို့ချီရမည့် ဒီမိုကရေလမ်းဝယ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လက်မှတ်ရေး ထိုးချုပ်ဆိုစဉ်က ထားရှိခဲ့သည့် ဥမကွဲသိုက်မပျက်၊ တိုင်း ရင်းသားပေါင်းစုံတို့ ညီညွတ်ခိုင်မာသော ပြည်ထောင်စု စိတ်ဓာတ်ကို မပြတ်ခိုင်မာ၊ စွဲကိုင်သွားကြရန် အထူးလိုအပ်လှချေသည်။ ပြည်ထောင်စုစိတ်ဓာတ် မပြတ်ခိုင်မာ၊ နှစ်ပေါင်းကဋေကဋာ တည်မြဲညီညွတ်၊ အောင်မြင်ပါစေသတည်း။
တက္ကသိုလ်စိန်တင်