ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်ခွင့်ယာယီပိတ်မည်
22 Dec 2017 1,400 Views
ရွှေတိဂုံစေတီတော်ကို ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေ (၄)နာရီမှ ဇန်န၀ါရီလ (၁)ရက် နေ့လည်ထိ ဘုရားတက်ရောက် ဖူးမျှော်ခွင့်ယာယီပိတ်မယ်လို့သိရပါတယ်။ ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် သံဃာအပါးသောင်းရှစ်ထောင်အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို ဇန်န၀ါရီလ(၁)ရက်နေ့မှာကျင်းပမှာ ဖြစ်တာကြောင့် ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်ခွင့်ယာယီပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ဒီအခမ်းအနားကို မနက်ပိုင်းမှာ အနေကဇာတင်ပြီး သံဃာတော်တွေကိုဆွမ်းကပ်ကာ နေ့လည်ပိုင်းမှာတော့ ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာ ဖြစ်ပါတယ်။
ပွဲမတိုင်ခင်အခမ်းအနား ပြင်ဆင် တာတွေ လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ဘုရားပေါ်တက်ရောက်ဖူးမျှော်ခွင့်ကို ယာယီပိတ်မှာ ဖြစ်တယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာတော့ ပွဲအခမ်းအနားအတွက် စောင်းတန်းအနီး ကားပါကင်တွေမှာ မဏ္ဍပ်တွေတည်ဆောက်နေပြီး ဩအခုလိုမဏ္ဍပ်တွေတည်ဆောက်နေလို့ ဘုရားဖူးလာရောက်တဲ့ မော်တော်ယာဉ်တွေ ကားပါကင်မှာ ယာဉ်ရပ် နားနိုင်မှာမဟုတ်ဖူးလို့ သိရပါတယ်။ ဒါ့ကြောင့် ကားရပ်ဖို့အခက်အခဲရှိရင် အနီးအနားပတ်ဝန်းကျင်က ပြည်သူ့ရင်ပြင်၊ ငါးပြတိုက် ၊ မြေပဒေသာကျွန်း အစရှိတဲ့နေရာတွေမှာ ကားရပ်ဖို့ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။
ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်တာကို မူလက ဒီဇင်ဘာလ(၃၀)ရက်မှ စတင်ကာ ယာယီပိတ်ဖို့ စီစဉ်ခဲ့ပေမယ့် ဒီဇင်ဘာလ (၃၁)ရက်မှသာ စတင်ပိတ်မယ်လို့ အစိုးရအဖွဲ့က ပြောင်းလဲဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့ကြောင့်နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ သိရှိနိုင်ဖို့ ကိုလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းတို့ကို ဆက်သွယ်အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။