ကိုရီးယားသင်္ဘောတစ်စင်း ဂျပန်တွင် ထပ်မံသောင်တင်
21 Dec 2017 1,333 Views
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ ယာမာဂါတာစီရင်စုက ကမ်းခြေမှာ နောက်ထပ်သင်္ဘောတစ်စင်း ထပ်သောင်တင်ခဲ့တယ် ဆိုပြီး ဂျပန်ရဲတပ်ဖွဲ့နဲ့ကမ်းခြေစောင့်တပ်ဖွဲ့က ပြောလိုက်ပါတယ်။သင်္ဘောကိုယ်ထည်မှာ ကိုရီးယားစာတွေကို ရေးထားတာကို တွေ့ခဲ့ရတယ်ဆိုပြီး ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ ဆူရူအိုကာမြို့ကမ်းခြေမှာ လမ်းလျှောက်နေတဲ့လူတစ်ယောက်က သင်္ဘောကို ပထမဆုံးတွေ့ခဲ့ပြီး ရဲတွေကို အကြောင်းကြားခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့ကပြောပါတယ်။
အခုသင်္ဘောဟာ နိုဝင်ဘာလ ကတည်းက ဂျပန်နိုင်ငံ၊ ဆူရူအိုကာမြို့မှာ သောင်တင်ခဲ့တဲ့ (၃)စီးမြောက် ကိုရီးယားကျွန်းဆွယ်ကသင်္ဘောဖြစ်တယ်လို့လည်း ဂျပန်ရဲတပ်ဖွဲ့ကပြောပါတယ်။သင်္ဘောပတ်ဝန်းကျင်မှာ လူတစ်ယောက်မှမတွေ့ခဲ့ရဘူးလို့လည်း ဂျပန်ရဲတပ်ဖွဲ့ကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကလို့ယူဆရတဲ့ သင်္ဘောတွေ ဂျပန်စီရင်စုတွေရဲ့ ကမ်းခြေတွေမှာ သောင်တင်မှုတွေရှိနေတဲ့အတွက် စီရင်စုအာဏာပိုင်တွေက ဂျပန်ဗဟိုအစိုးရကို အကူအညီတောင်းခံမှုတွေပြုလုပ်နေကြပါတယ်။ သောင်တင်လာတဲ့သင်္ဘောတွေကို ဖယ်ရှားရာမှာ အသုံးပြုရမယ့် ဘဏ္ဍာငွေချပေးဖို့၊ ဂျပန်ရေပိုင်နက်မှာ တရားမ၀င်ငါးဖမ်းတာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဖြေရှင်းရာမှာ ငါးဖမ်းသင်္ဘောတွေကို ဖမ်းဆီးဖို့သာမက သံတမန်ရေးရာဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီရင်စုအာဏာပိုင်တွေက တိုက်တွန်းခဲ့ကြပါတယ်။