ကန့်ကွက်မှုများရှိနေသော်လည်း မော်ဒိုက်အစိုးရက တရုတ်နှင့် လွတ်လပ်သောကုန်သွယ်မှု စာချုပ် ချုပ်ဆို
12 Dec 2017 1,376 Views
မော်ဒိုက်အတိုက်အခံတွေဘက်က ဝေဖန်ကန့်ကွက်မှုများရှိနေပေမဲ့ မော်ဒိုက်အစိုးရဟာ တရုတ်အစိုးရနဲ့ လွတ်လပ်သော ကုန်သွယ်မှု စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အဲဒီသဘောတူညီချက် ဟာ မော်ဒိုက်ဘက်မှာ စေ့စပ်ပြည့်စုံတဲ့ ဆွေးနွေးညှိနှိုင်းချိန်မရဘဲ စာချုပ်လိုက်တာဖြစ်လို့ အတိုက်အခံတွေက ကန့်ကွက်နေတာပါ။ မော်ဒိုက်သမ္မတ အက်ဘ်ဒူနာ ယာမင်းရဲ့ ဘေကျင်းကို ခရီးစဉ်အတွင်း မော်ဒိုက်နဲ့ တရုတ်နိုင်ငံတို့ကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် စာချုပ် ချုပ်ဆို နိုင်ခဲ့ပါတယ်။
မော်ဒိုက်ဘက်မှာတော့ စာမျက်နှာပေါင်းတစ်ထောင်ကျော်ပါဝင်တဲ့ အဲဒီသဘောတူညီချက်ကို မော်ဒိုက်လွှတ်တော်မှာ ဆွေးနွေးချိန် တစ်နာရီတောင်မကြာဘဲ ပြီးခဲ့တဲ့သီတင်းပတ်မှာ အတည်ပြုခဲ့တာပါ။ သဘောတူညီချက်အရ တရုတ်နဲ့မော်ဒိုက်နိုင်ငံတို့ဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံကို အခွန်ကင်းလွတ်တဲ့ ပို့ကုန်တွေတင်ပို့နိုင်မှာဖြစ်ပါတယ်။ ရေထွက်ကုန်ဟာ မော်ဒိုက်ကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့အဓိက ပို့ကုန်ဖြစ်ပါတယ်။
မော်ဒိုက်သမ္မတရုံးကတော့ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ဟာ တရုတ်-မော်ဒိုက် ၂ နိုင်ငံအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှု မှတ်တိုင်တစ်ရပ်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မော်ဒိုက်အဓိက အတိုက်အခံ ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကတော့ အခုသဘောတူ ညီချက်မှာ ပြည့်ပြည့်စုံစုံပြန်လည်သုံးသပ် ဖို့လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အသေးစိတ်ပါဝင်ပြီး လွတ်လပ်သော ဖြစ်နိုင်ချေဆိုင်ရာ လေ့လာချက် မလုပ်နိုင်ခင်အထိ အထောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားဖို့ တောင်းဆိုထား ပါတယ်။ မော်ဒိုက်အစိုးရဘက်ကတော့ ရေထွက်ကုန်ပစ်္စည်းတင်ပို့မှုကို အခွန်ကင်းလွတ်ခွင့် ပေးဖို့တောင်းဆိုမှုကို အီးယူက ပယ်ချထားချိန်မှာ အခုသဘောတူညီချက်ဟာ နိုင်ငံ့ဝင်ငွေ တိုးစေမယ့် သဘောတူညီချက် ဖြစ်တယ်လို့ ပြောထားပါတယ်။