ဂျေရုစလင်ကို အမေရိကန်သံရုံးပြောင်းမည့်အရေး လုံခြုံရေးကောင်စီတွင် အခြေအတင်ဆွေးနွေး
12 Dec 2017 1,398 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေး မြို့တော်အဖြစ် အသိအမှတ် ပြုလိုက်ပြီးတဲ့နောက် ကမာ်္ဘတစ်ဝှမ်းဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ဂျေရုစလင်ထဲကို အမေရိကန် သံရုံးပြောင်းရွှေ့ဖွင့်လှစ်မယ့်အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခြေအတင် ဆွေးနွေးမှု ဖြစ်ပွားခဲ့ပါတယ်။
ဂျေရုစလင်ရဲ့လက်ရှိအနေအထားကို ပြောင်းလဲဖို့ကြိုးစားတဲ့ တစ်ဖက်သက် လုပ်ရပ်မှန်သမျှဟာ လက်ရှိလုပ်ဆောင်နေတဲ့ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးအားထုတ်မှုတွေကို ယုတ်လျော့စေသလို ဒေသတွင်း မလိုလားတဲ့အခြေအနေတွေ ဖြစ်လာ နိုင်တယ်လို့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂအထူးညှိနှိုင်းရေးမှူး "နစ်ကိုလေ မလာဒီနော့ဗ်"က ပြောပါတယ်။
အစ္စရေးမှာဖွင့်ထားတဲ့အမေရိကန်သံရုံးကို တယ်လ် အဗီမြို့ကနေ ဂျေရုစလင်ကို ပြောင်းရွှေ့ဖွင့်လှစ်မယ်ဆိုတဲ့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ကြေညာချက် ထွက်ပေါ်လာပြီးတဲ့နောက် အထူးညှိနှိုင်းရေးမှူးက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခု လိုပြောလိုက်တာပါ။ ဂျေရုစလင်ကို ဘယ်သူပိုင်ဆိုင်တယ်ဆိုတဲ့နောက်ဆုံးအခြေအနေဟာ ပိုင်ဆိုင်မှုအငြင်းပွားမှုမှာပါဝင်နေသူ တွေကြား ကုလသမဂ္ဂဆုံးဖြတ်ချက်တွေ၊ အပြန်အလှန်သဘောတူညီချက်တွေကို အခြေခံပြီး ညှိနှိုင်းဆွေးနွေးမှုကနေပဲ ဆုံးဖြတ် ချက်ရယူရမှာဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂက လက်ခံထားတယ်လို့ "မလာဒီနော့ဗ်"က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် နစ်ကီ ဟေလီကတော့ အစ္စရေးအနေနဲ့ သူ့နိုင်ငံရဲ့မြို့တော်ကို သတ်မှတ်ပိုင်ခွင့်ရှိသလို ဂျေရုစလင်ဟာ အစ္စရေးလွှတ်တော်၊ သမ္မတရုံး၊ ၀န်ကြီးချုပ်ရုံး၊ တရားလွှတ်တော်ချုပ်နဲ့ အခြားဝန်ကြီးဌာနတွေရှိတဲ့နေရာဖြစ်လို့ ပြည်ပသံရုံးတွေ ဟာ ဂျေရုစလင်မှာ ရုံးစိုက်တာ ယုတ္တိရှိတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကတော့ သမ္မတ ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ အလွန်အမင်း နောင်တရစရာဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီပြင်ပမှာတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူကြောင့် ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။