စမ်းချောင်းမြို့နယ်နောက်ဖေးလမ်းကြားရှင်းလင်းမှုမှာ အမှိုက်တန်ချိန် (၉၀၀)ကျော်သိမ်းဆည်းရရှိ
11 Dec 2017 1,358 Views
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စမ်းချောင်းမြို့နယ်နောက်ဖေးလမ်းကြားရှင်းလင်းမှုမှာ အမှိုက်တန်ချိန်(၉၀၀)ကျော်သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်အတွင်းမှာ ရပ်ကွက်ပေါင်း (၁၈)ရပ်ကွက်ရှိပြီး နောက်ဖေးလမ်းကြားပေါင်း (၁၃၀)ကျော်ရှိပါတယ်။ ရပ်ကွက်ပေါင်း(၁၈)ရပ်ကွက်မှာ ရပ်ကွက်(၅)ခု ရှင်းလင်းသိမ်းဆည်း ပြီးတဲ့ အချိန်မှာတော့ အမှိုက်တန်ချိန်(၉၀၀)ကျော် သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စမ်းချောင်းမြို့နယ် နောက်ဖေးလမ်းကြားရှင်းလင်းမှုနဲ့ ပတ်သက်ပြီး စမ်းချောင်းမြို့နယ်၊မဲဆန်္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က အခုလို ပြောကြားခဲ့ပါတယ်။`
စမ်းချောင်းမြို့နယ်အတွင်းမှာရှိတဲ့ နောက်ဖေးလမ်းကြားတွေက စွန့်ပစ်အမှိုက်တွေကို အခုနှစ် စက်တင်ဘာလ(၅)ရက်မှစတင်ပြီး နောက်ဖေးလမ်းကြားစီမံချက်နဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှဝန်ထမ်းတွေက စတင် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို နောက်ဖေးလမ်း ကြားရှင်းလင်းမှုအစီအစဉ်ကို အခုနှစ်မှာတော့ စမ်းချောင်းမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် (၂)မြို့နယ်မှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အခုဆိုရင် စမ်းချောင်းမြို့နယ်အတွင်းမှာ နောက်ဖေးလမ်းကြားတွေကို ရှင်းလင်းလာ တာဟာ(၃)လအတွင်း နောက်ဖေးလမ်းကြားပေါင်း (၅၀)နီးပါး ရှင်းလင်းပြီးဖြစ်တယ်လို့ သိရပါတယ်။ နောက်ဖေးလမ်းကြားရှင်းလင်းမှုမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)နဲ့ အင်ဂျင်နီယာဌာနအဆောက်အအုံတို့မှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီလိုပူးပေါင်းပါဝင်ဆောင်ရွက်ရာမှာ အချို့အိမ်နောက် ဖေးတွေမှာ ရေဆိုးပိုက်တွေ၊ မိလ်္လာကန်တွေပေါက်နေတာတွေကိုတွေ့ရှိရတဲ့အခါ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)အနေနဲ့ အိမ်ရှင်ကိုခေါ်ပြီး သတိပေးစာတွေပို့ပြီး ဆောင်ရွက်မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။အခုလိုဆောင်ရွက်ပေးတဲ့ အခါမှာ တချို့တိုက်ပိုင်ရှင်တွေနဲ့ အိမ်ပိုင်ရှင်တွေက လိုက်နာဆောင်ရွက်ကြပေမယ့် တချို့တိုက်ပိုင်ရှင်တွေက လိုက်ပါဆောင်ရွက်မှုအားနည်းနေတာကို တွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာဌာနတွေမှ ပြည်သူတွေကို စည်းရုံးပြီး ပညာပေးအစီအစဉ်တွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။