ဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်းကို ဦးလူမင်းက ဘာပြောလိုက်လဲ..?
03 Oct 2017 1,365 Views
"ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ လောကသားတွေကိုယ်တိုင်က တက်တက် ကြွကြွနဲ့မဲပေးပြီး ရွေးချယ်ခဲ့ကြတာဆိုတော့ အစ်ကိုအနေနဲ့ ဘာမှစောဒကတက်ပြီးပြော စရာမရှိပါဘူး။ ကိုဌေး(ဦးဇင်ဝိုင်း)ကတော့ သူ့အသက်အရွယ်၊ သူ့အတွေ့အကြုံနဲ့ကတော့ သူကောင်းကောင်း ဦးဆောင်နိုင်ပါတယ်။ ပြောမယ်ဆိုရင်တော့ လုပ်စရာတွေက တော့ အများကြီးပါပဲ။ အစ်ကိုလက်ထက်မှာလည်း မလုပ်နိုင်ခဲ့တဲ့အရာတွေ အများကြီးပဲ ဆိုတော့ ဖြည်းဖြည်းချင်းတော့ လုပ်ရလိမ့်မယ်ထင်တယ်"လို့ မကြာခင်က ရွေးချယ်ခဲ့တဲ့ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ဦးလူမင်းကပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် တာဝန်ကို အောက်တိုဘာလ ပထမအပတ်မှာ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
"ဒီလကုန်ပြီး ပထမပတ်မှာ အပ်မယ်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုက ဒီလကုန်တဲ့အထိ ငွေစာရင်းတွေရော၊ စာရင်းဇယားတွေရော စာရင်းစစ်အဖွဲ့ကိုဝင်ခိုင်းပြီးတော့ တိတိကျကျစစ် ဆေးပြီးတော့ အဲဒီစာရင်းဇယားတွေကို အစ်ကိုက တိတိကျကျလွှဲအပ်ချင်လို့ပါ။ လကုန်မှ ဝန်ထမ်းလစာတွေ ပေးစရာတွေရှိတဲ့ ငွေကြေးစာရင်းတွေက တစ်ဖြတ်ပေါ့နော်။ အတိကျ စာရင်းစစ်ကိုဝင်ခိုင်းပြီးမှ အဲဒီ စာရင်းထွက်လာတော့မှ အစ်ကိုကတိတိကျကျ အပ်ချင်လို့ပါ"လို့ ဆိုပါတယ်။
ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းပေးအပ်ရတော့မှာ ဖြစ်တဲ့အတွက် ဦးလူမင်းအနေနဲ့ ထူးထူးခြားခြားခံစားမိတာ ရှိလားဆိုတာကိုတော့..
"ဒီအစည်းအရုံးကြီးလည်း လိုအပ်လို့ရှိရင် အစ်ကိုက ဝိုင်းဝန်းပံ့ပိုးပေးသွားဦးမှာပဲဆိုတော့ အစ်ကိုမှာ နှုတ်ဆက်တဲ့ခံစားချက်တော့ မရှိဘူး။ ဥက္ကဋ္ဌသစ်ကိုကျတော့ လောကကြီးကိုဦးဆောင်မယ့် အဖွဲ့အစည်း တစ်ရပ်အနေနဲ့ပေါ့နော်။ လောကကြီးကို စည်းစည်းလုံးလုံးရှိဖို့ထက် ကိုယ့်အမှုဆောင်အချင်းချင်း စည်းလုံးဖို့ အရင်တည်ဆောက်ဖို့ လိုအပ်မယ်လို့ပြောချင်ပါတယ်။ ဖိစီးမှုတွေလေလျာ့သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ အစ်ကိုသည်ပင် သံယောဇဉ်တော့ တကယ်ရှိပါတယ်။ လိုအပ်တဲ့အပိုင်းတွေမှာ အစ်ကိုဆက်ပြီးတော့ လုပ်ဆောင်ပေးသွားဦးမှာပါ"လို့ ပြောပြခဲ့ပါတယ်။
သတင်းရင်းမြစ် - ပေါ်ပြူလာဂျာနယ်